နေပြည်တော် ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ်(၁) လေ့ကျင့်ရေးကွင်း၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစား ကြရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိကြသူများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများ ပေးအပ်ကြသည်။
ယမန်နေ့ကလည်း ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)နှင့် ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များနှင့် တတိယနေရာလုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပထမဆုရ ပုသိမ်ဘော်လီဘော (အမျိုးသား)အသင်း၊ ဒုတိယဆုရ မန္တလေးဘော်လီဘော(အမျိုးသား) အသင်း၊ တတိယဆုရ တောင်ကြီးဘော်လီဘော(အမျိုးသား)အသင်း၊ ပထမဆုရ မော်လမြိုင် ဘော်လီဘော (အမျိုးသမီး)အသင်း၊ ဒုတိယဆုရ နေပြည်တော် ဘော်လီဘော (အမျိုးသမီး) အသင်း၊ တတိယဆုရ မန္တလေးဘော်လီဘော(အမျိုးသမီး)အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်စသည့် အားကစားနည်း ငါးမျိုးဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


