၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အောင်မြင်သူ ၄၇၈၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇွန် ၁၁

 

၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပခဲ့ရာ ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ၌လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိသည့်အနက် အောင်မြင်သူ ၄၇၈၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာန ဖွင့်လှစ်ထားသော ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြသည်။

 

“ကျွန်မတို့ စာစစ်ဌာနအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၂၈၀ ရှိပြီး ၁၄၀ အောင်မြင်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မနက်လေးနာရီ ကနေစပြီးတော့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ကနေ ထုတ်ပြန်ပေးခဲ့ပြီး စာစစ်ဌာနက ကျောင်းတွေမှာတော့ မနက် ၆ နာရီဆို အောင်စာရင်းတွေကို ထုတ်ပြန်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် တစ်ဆယ်ငါးဦး ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေအတွက်ပါ ဂုဏ်ယူပါတယ်”ဟု အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက ပြောသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စားမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြေဆို အောင်မြင်မှုအနေဖြင့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၂၇၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၁ဝ၂၆ ဦး၊ စုစုပေါင်း ၁၃ဝ၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၂၄ဝ၊ ရိုးရိုးအောင်မြင်သူ ၁ဝ၆၂ ဦး၊ စုစုပေါင်း ၁၃ဝ၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၂၃၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၈၅၈ ဦး၊ စုစုပေါင်း ၁ဝ၉၄ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၁၈၂ ဦး၊ ရိုးရိုးအောင်မြင်သူ ၉ဝ၆ ဦး၊ စုစုပေါင်း ၁ဝ၈၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူ တစ်ဦးက “ဒီနေ့ မျှော်မှန်းထားသလို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှု ရလဒ်ပေါ်မှာ မိဘတွေပျော်ရွှင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ စာမေးပွဲအောင်မြင်ကြတဲ့ သူငယ်ချင်းတွေ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မိမိဝါသနာပါတဲ့ ဘာသာရပ်တွေကို ဆက်လက်လေ့လာ သင်ယူချင်ပေမယ့် အမှတ်စာရင်းအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

 

ထို့ပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးသည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဝင်ရောက်ဖြေဆိုသူ ၃ ဦးအနက် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦးရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် လမ်းပန်ဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေညာပေးခဲ့ပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်