၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သမိုင်းဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

ဒေါက်တာသင်းသင်းအေး၊ ပါမောက္ခ(ဌာနမှူး) သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်

၂၀၂၃    ခုနှစ်    တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့်    ကျောင်းသား ကျောင်းသူများအတွက်   သမိုင်းဘာသာရပ်   သိကောင်းစရာများကို တင်ပြသွားပါမယ်။   ပထမဦးစွာ     မြန်မာ့သမိုင်းသင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းမှာ နှစ်ပိုင်းပါဝင်တယ်။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ်တို့ဖြစ်တယ်။
ကိုလိုနီခေတ်ကို လေ့လာမယ်ဆိုရင် ပထမဦးစွာ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရတာကို    မခံမရပ်နိုင်ဖြစ်ရတဲ့     တိုင်းရင်းသားတို့ တောင်ပေါ်မြေပြန့်မကျန်  ရရာလက်နက်စွဲကိုင်ပြီး နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့ကြပုံကို      လေ့လာဖို့လိုပါတယ်။   ကိုလိုနီခေတ်ဦး လက်နက်ကိုင်တော်လှန်မှုများ   ကျဆုံးပြီးနောက်  ငုပ်လျှိုးသွားခဲ့တဲ့  မြန်မာတို့ရဲ့အမျိုးသားစိတ်ဓာတ်  မကြာမီပြန်လည်နိုးကြားလာတဲ့ အပိုင်းကို   လေ့လာတဲ့အခါ  ဝိုင်အမ်ဘီအေဦးဆောင်တဲ့   အမျိုးသား လှုပ်ရှားမှု၊ ဂျီစီဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုဟူ၍ လေ့လာ သင့်တယ်။
ဝိုင်အမ်ဘီအေဦးဆောင်တဲ့  အမျိုးသားလှုပ်ရှားမှုအပိုင်းကို  ခုနှစ် အပိုင်းအခြားနဲ့လည်း  လေ့လာသင့်တယ်။  ၁၉၀၆ မှ ၁၉၂၀ ကာလ အတွင်း  အမျိုးသားစိတ်ဓာတ်   နိုးကြားလာခြင်းဆိုပြီး       မေးရင်လည်း ဝိုင်အမ်ဘီအေဦးဆောင်တဲ့  အမျိုးသားလှုပ်ရှားမှုကို   ဆိုလိုခြင်းဖြစ် ကြောင်းသိဖို့ လိုအပ်တယ်။ သမိုင်းဘာသာရပ်မှာ ခုနှစ်၊ သက္ကရာဇ်တိုင်း သိရှိဖို့မလိုအပ်ပေမယ့် အရေးပါတဲ့ခုနှစ်၊  သက္ကရာဇ်တွေကို သိရမှာ ဖြစ်တယ်။ ၁၉၂၀  ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေညီလာခံအပြီးမှာ ဝိုင်အမ်ဘီအေဟာ     နိုင်ငံရေးကို   ဆောင်ရွက်ခြင်းမပြုတော့တာ တွေ့ရတယ်။    ဝိုင်အမ်ဘီအေရဲ့နေရာမှာ   နိုင်ငံရေးဆောင်ရွက်မယ့် အသင်းကြီး တစ်သင်းထွက်ပေါ်လာတယ်။ အဲဒါက ဂျီစီဘီအေဖြစ်တယ်။
၁၉၂၀ မှ ၁၉၃၀ ကာလအတွင်း မြန်မာနိုင်ငံအမျိုးသား လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းမှာ ဂျီစီဘီအေခေါ် မြန်မာ့အသင်းချုပ်ကြီး ဖြစ်တယ်။ ဂျီစီဘီအေအသင်းကြီးဟာ ၁၉၃၀ မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတယ်။ အဲဒီကာလ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ  မြန်မာ အမျိုးသမီးများ၏   ကုမ္မာရီအသင်းသည်လည်း   တစ်တပ်တစ်အား ပါဝင်ခဲ့ကြတယ်။
ဂျီစီဘီအေ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားလို့  နယ်ချဲ့ဆန့်ကျင်ရေး အတွက် ခိုင်မာတောင့်တင်းတဲ့  အသင်းကြီးတစ်သင်းပေါ်ပေါက်ဖို့ ပြည်သူတို့မျှော်လင့်နေချိန်မှာ ပေါ်ပေါက်လာတဲ့ အသင်းဟာ တို့ဗမာ အစည်းအရုံးဖြစ်တယ်။  တို့ဗမာအစည်းအရုံးကို ၁၉၃၀ မေ ၃၀ မှာ စတင်ဖွဲ့စည်းတာဖြစ်တယ်။       မြန်မာနိုင်ငံရဲ့    အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှု  သမိုင်းမှာ   တို့ဗမာအစည်းအရုံးရဲ့  အခန်းကဏ္ဍကလည်း  အရေးပါတယ်။  တို့ဗမာအစည်းအရုံးရဲ့ ကာလ အပိုင်းအခြားဟာ ၁၉၃၀ မှ ၁၉၄၁အထိ ဖြစ်တယ်ဆိုတာလည်း သိထား သင့်တယ်။
၁၉၃၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံတွင် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံ  ပေါ်ပေါက်ခဲ့တယ်။  နယ်ချဲ့ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်းဖြစ်တယ်။   တောင်သူလယ်သမား အရေးတော်ပုံမှာ  အရေးတော်ပုံမတိုင်မီ လယ်သမားတို့အခြေအနေ၊ လယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာရခြင်းတို့ကို သီးခြားလေ့လာလို့ ရတယ်။  တို့ဗမာအစည်းအရုံးကာလအတွင်းမှာပဲ ခွဲရေးတွဲရေးပြဿနာ ပေါ်ပေါက်လာပြန်တယ်။ ခွဲရေးတွဲရေးပြဿနာဟာ အင်္ဂလိပ်တို့ရဲ့ သွေးခွဲရေးစီမံချက်တစ်ခုဖြစ်တယ်။
မြန်မာ့သမိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့် (ခရစ်နှစ် ၁၉၃၈) ဟာ    ထူးခြားတဲ့နှစ်ဖြစ်တယ်။     ဒီနှစ်အတွင်း    ပေါ်ပေါက်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို  ၁၃၀၀ ပြည့်အရေးတော်ပုံလို့ မော်ကွန်းတင် ခဲ့တယ်။   ၁၃၀၀  ပြည့်  အရေးတော်ပုံဂယက်ကြောင့်    မြန်မာ တိုင်းရင်းသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်မှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဟာ ပိုမိုပြင်းထန်လာခဲ့တယ်။  ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားတဲ့ကာလ ဟာ ခရစ်သက္ကရာဇ်အားဖြင့် ၁၉၃၈-၁၉၃၉ ကာလ ဖြစ်တယ်ဆိုတာ ကိုလည်း သိထားရမှာဖြစ်တယ်။
ဒီကာလမှာ ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီးစတင်ရန် နီးကပ်လာတဲ့ အချိန်ဖြစ်တယ်။ အာရှမှာလည်း ဖက်ဆစ်ဂျပန်တို့ရဲ့ ခြိမ်းခြောက်မှုဟာ ပိုမိုများပြားနေတဲ့အချိန်ဖြစ်လို့      မြန်မာတို့က    အင်္ဂလိပ်အခက်-ဗမာ့အချက်မူဖြင့် လွတ်လပ်ရေးရရန် ပိုမိုဆောင်ရွက်လာရာမှ ဗမာ့ ထွက်ရပ်ဂိုဏ်းဆိုတာ  ပေါ်ပေါက်လာတယ်ဆိုတာ သိထားရမှာဖြစ်တယ်။
မြန်မာ့သမိုင်းမှာ ၁၉၄၀-၁၉၄၅ အထိ ကာလအပိုင်းအခြားဟာ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဆင်နွှဲတဲ့အပိုင်း ဖြစ်တယ်။ ဒီအပိုင်းကို အဆင့်နှစ်ဆင့်ခွဲခြားပြီး လေ့လာသင့်တယ်။ ပထမအဆင့်မှာ ၁၉၄၀-၁၉၄၂ ကာလအတွင်း အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်တယ်။ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခြင်းကိုလည်း ထပ်မံ ပိုင်းခြားလေ့လာလို့ရတယ်။   ဥပမာ-ရဲဘော်သုံးကျိပ်၊   ဘီအိုင်အေ၊ ဘီဒီအေဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဆင်နွှဲတဲ့ ဒုတိယအဆင့်မှာ ဖက်ဆစ်ဂျပန်တော်လှန်ရေး ၁၉၄၂-၁၉၄၅  ဖြစ်တယ်။  ဒီအပိုင်းမှာ   ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွှဲရန်    ဖန်တီးပေးတဲ့အခြေအနေများ၊   အခြေခံသဘောထားနှင့် အစီအမံများ၊ အောင်မြင်မှုများဟူ၍ အပိုင်းပိုင်းပြီး လေ့လာဖို့လိုပါတယ်။
လွတ်လပ်ရေးရယူခြင်းအပိုင်းကို  လေ့လာရာတွင်   ဖဆပလအဖွဲ့ အနေဖြင့် ဘုရင်ခံအမှုဆောင်ကောင်စီတွင် မပါဝင်မီနဲ့ ပါဝင်ပြီးနောက်ပိုင်း အခြေအနေတို့ကို     လေ့လာဖို့လိုတယ်။     လွတ်လပ်ရေးအရယူခြင်း ခေါင်းစဉ်ရဲ့အောက်မှာ စက္ကူဖြူစာတမ်း၊ နေသူရိန်လူထုအစည်းအဝေး၊ ဂန္ဒီကွန်ဖရင့်၊ အလယ်ပစ္စယံအစည်းအဝေး၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံညီလာခံ၊ နု-အက်တလီစာချုပ် ဆိုပြီးရှိတယ်။
အင်္ဂလိပ်ခေတ်၊ တစ်နည်းအားဖြင့် ကိုလိုနီခေတ်ကို လေ့လာရာမှာ ကိုလိုနီခေတ်အုပ်ချုပ်ရေး၊  စီးပွားရေး၊   လူမှုရေး၊   ယဉ်ကျေးမှုဆိုပြီး သီးခြားခွဲလေ့လာရမှာဖြစ်တယ်။   အုပ်ချုပ်ရေးမှာ   ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေးဆိုပြီးရှိတယ်။ ဒိုင်အာခီအုပ်ချုပ်ရေးဟာ   ၁၉၂၃  မှ   ၁၉၃၇  အတွင်း   အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေးဖြစ်တယ်ဆိုတာကို          သိထားရမယ်။ ဒီအုပ်ချုပ်ရေးဟာ သွေးခွဲအုပ်ချုပ်ရေးဖြစ်လို့ ပြည်သူတို့က မကျေနပ် တဲ့အတွက် အုပ်ချုပ်ရေးအသစ်ဖန်တီးပေးဖို့ အင်္ဂလိပ်တို့က   စီစဉ် လာပြန်တယ်။  အဲဒါကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးပေါ်လာတယ်။ ဒီ ၉၁  ဌာနအုပ်ချုပ်ရေးကို  ၁၉၃၇ မှ ၁၉၄၁ အတွင်း အုပ်ချုပ်ခဲ့တယ်။ ၉၁ ဌာန အုပ်ချုပ်ရေးအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တယ်။ စစ်အပြီးမှာ အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေး ပြန်စလာတဲ့အခါ စစ်အုပ်ချုပ်ရေး၊ မြို့ပြအုပ်ချုပ်ရေးနဲ့     အမျိုးသားယာယီအစိုးရဆိုပြီး    တွေ့ရမယ်။ အဲဒါတွေဟာ  ဒုတိယကမ္ဘာစစ်ပြီးခေတ် အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေး ဖြစ်တယ်။ ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ်ကို လေ့လာပြီးတဲ့နောက်မှာ ကိုလိုနီခေတ်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကို ဆက်လက်လေ့လာ ရမှာဖြစ်တယ်။
ဂျပန်ခေတ်ကိုလေ့လာရာမှာ ဂျပန်ခေတ်အုပ်ချုပ်ရေး၊  ဂျပန်ခေတ် စီးပွားရေးဆိုပြီး လေ့လာသင့်သလို လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍကိုလည်း လေ့လာသင့်တယ်။
လွတ်လပ်ပြီးခေတ်   မြန်မာနိုင်ငံအခြေအနေကို လေ့လာရာမှာ ၁၉၄၈-၁၉၅၈ ခုနှစ်ကာလ အပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ် တဲ့ကာလဖြစ်တယ်။  ဒီကာလအတွင်း ပြည်တွင်းရောင်စုံသောင်းကျန်း သူများပေါ်ပေါက်လာပုံ၊    ဖဆပလပြိုကွဲပုံတွေကို     လေ့လာရမှာ ဖြစ်တယ်။ ပြည်တွင်းဆူပူသောင်းကျန်းမှုများအပြင် ပြည်ပအန္တရာယ်ဖြစ်တဲ့ တရုတ်ဖြူ   ကိုမင်တန်   ကျူးကျော်မှုကိုလည်း   တွေ့ရမှာဖြစ်တယ်။ ဖဆပလပြိုကွဲခြင်းကြောင့် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်းဖြစ် တယ်ဆိုတာ သိရပါမယ်။
မြန်မာ့သမိုင်းတွင်  ၁၉၅၈-၁၉၆၀ ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရပေါ်ပေါက် လာပုံ၊   အိမ်စောင့်အစိုးရအဖွဲ့ရဲ့လုပ်ငန်းစဉ်ကြီးလေးရပ်၊ အိမ်စောင့် အစိုးရရဲ့အောင်မြင်မှု ဒါမှမဟုတ် ဆောင်ရွက်ချက်များကို လေ့လာသင့် တယ်။
မြန်မာ့သမိုင်းတွင် ၁၉၆၀-၁၉၆၂ အထိကာလဟာ ပြည်ထောင်စု (ပထစ) အစိုးရ တာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။ ဒီကာလအတွင်း ပြည်ထောင်စုကြီး    ပြိုကွဲရမယ့်အခြေအနေနဲ့   ရင်ဆိုင်ခဲ့ရပုံတွေကို လေ့လာသင့်တယ်။    ဒီအခြေအနေဟာ    တော်လှန်ရေးကောင်စီကို ပေါ်ပေါက်လာစေတယ်ဆိုတာလည်း သိထားရမယ်။
မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရ များလက်ထက် ယေဘုယျအခြေအနေတွေကို ထည့်သွင်းထားတယ်။ ယေဘုယျအခြေအနေများဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေတွေကိုလည်း လေ့လာသင့်တယ်။
လွတ်လပ်ပြီးခေတ် မြန်မာ့သမိုင်းမှာ ၁၉၆၂ - ၁၉၇၄ အထိ ကာလ ကို တော်လှန်ရေးကောင်စီအစိုးရက တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ၁၉၇၄-၁၉၈၈    အထိ    ကာလဟာ     ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖြစ်တယ်။       တော်လှန်ရေးကောင်စီခေတ်နှင့်   ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ        မြန်မာနိုင်ငံတော်ကာလရဲ့ ယေဘုယျအခြေအနေများဖြစ်တဲ့   နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကိုလည်း လေ့လာသိရှိဖို့ လိုအပ်တယ်။
ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်     ဖွံ့ဖြိုးရေးကောင်စီအစိုးရများ လက်ထက်  အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေ တွေကို လေ့လာရမှာဖြစ်တယ်။
ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါမယ်။     ပထမဦးစွာ    ပထမကမ္ဘာစစ်အကြောင်းကို လေ့လာမယ်ဆိုရင်စစ်ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သိရှိဖို့လိုပါ တယ်။ စစ်ဖြစ်ပွားရတဲ့အကြောင်းရင်းမှာလည်း အခြေခံအကြောင်းရင်းနဲ့ လတ်တလော အကြောင်းရင်းဟူ၍ နှစ်ပိုင်းရှိတယ်။ အခြေခံအကြောင်းရင်း တွေဟာ လေးချက်ရှိတယ်။  အဲဒါတွေက
- ကိုလိုနီအပြိုင်အဆိုင်ရှာဖွေခြင်း
- အမျိုးသားစိတ်ဓာတ်ပြင်းထန်လာခြင်း
- မဟာမိတ်စစ်အုပ်စုအပြိုင်အဆိုင်ဖွဲ့စည်းခြင်း
- လက်နက်အပြိုင်တပ်ဆင်ခြင်း
တို့ဖြစ်တယ်။ စစ်ဖြစ်ပွားရတဲ့အခြေခံအကြောင်းရင်းအပြင် လတ်တလော အကြောင်းရင်းကိုလည်း လေ့လာရမှာဖြစ်တယ်။ ဒီအခြေအနေမှတစ်ဆင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာရတယ်။
ပထမကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုများအနေနဲ့ ပါရီငြိမ်းချမ်းရေး ညီလာခံ၊ ဗာဆိုင်းစာချုပ်တွေကို  လေ့လာဖို့လိုပါမယ်။ ဗာဆိုင်းစာချုပ်မှာ ပါတဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေး၊ ဂျာမနီလက်နက် လျှော့ပေါ့ရေး၊ စစ်လျော်ကြေးနဲ့အထွေထွေစီမံချက်များဟာ မဟာမိတ်တို့အလိုကျ တစ်ဖက်သတ်ချုပ်ဆိုထားတဲ့  စာချုပ်ဖြစ်တယ်။   ဒါကြောင့် ဂျာမနီ အင်အားပြန်ကောင်းလာတဲ့အခါ    ဗာဆိုင်းစာချုပ်ပါအချက်များကို ချိုးဖောက်လာရာက ဥရောပနိုင်ငံရေးမှာ ပြဿနာများပေါ်ပေါက်လာပြီး ဒုတိယ ကမ္ဘာစစ်ဖြစ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရကြောင်းကို လေ့လာသိရှိဖို့လိုအပ်တယ်။
နိုင်ငံပေါင်းချုပ်အသင်းကြီးကို လေ့လာမယ်ဆိုရင် ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနဲ့   နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့   လူမှုရေးလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာရမှာ ဖြစ်တယ်။ 
ကမ္ဘာ့သမိုင်းမှာ  ပထမကမ္ဘာစစ်အပြီး ထူးခြားတဲ့ဖြစ်စဉ်ကတော့ ဆိုရှယ်လစ်ရုရှားနိုင်ငံ   ပေါ်ပေါက်လာခြင်းဖြစ်တယ်။   ဆိုရှယ်လစ် ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး လေ့လာရာမှာ ၂၀ ရာစုဦး ရုရှား နိုင်ငံအခြေအနေ၊ ၁၉၀၅   တော်လှန်ရေး၊  ၁၉၁၇   ဖေဖော်ဝါရီတော်လှန်ရေး၊ ၁၉၁၇ အောက်တိုဘာတော်လှန်ရေးဆိုပြီး သီးခြားလေ့လာရမှာဖြစ်တယ်။ ဒါ့အပြင် ဖေဖော်ဝါရီတော်လှန်ရေးဟာ ဘူဇွာတော်လှန်ရေးဖြစ်တယ် ဆိုတာ၊  အောက်တိုဘာတော်လှန်ရေးဟာ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်တယ်ဆိုတာကိုလည်း သိထားသင့်တယ်။
ပထမကမ္ဘာစစ်အပြီးမှာ အမျိုးသားလှုပ်ရှားမှုများ ပိုမိုအားကောင်း လာတယ်။ အမျိုးသားလှုပ်ရှားမှုအပိုင်းကို လေ့လာမယ်ဆိုရင် အိန္ဒိယ၊ အရှေ့တောင်အာရှ၊ တရုတ်ဟူ၍ ဒေသအလိုက် လေ့လာသင့်တယ်။ 
အိန္ဒိယမှာလည်း စစ်ပါရီအရေးတော်ပုံ၊ အိန္ဒိယအမျိုးသားကွန်ဂရက်၊ တိလတ်၏   ဆွာရဂျ်ခေါ်   ကိုယ်ပိုင်အုပ်ချုပ်ရေးလှုပ်ရှားမှုနဲ့   ဂန္ဒီရဲ့ အမျိုးသားလှုပ်ရှားမှုကို   အပိုင်းလိုက်လေ့လာရမှာဖြစ်တယ်။   ဂန္ဒီရဲ့ အမျိုးသားလှုပ်ရှားမှုအပိုင်းမှာလည်း  ဂန္ဒီနဲ့ကွန်ဂရက်ပါတီလှုပ်ရှားမှုနဲ့  ၁၉၂၁ နောက်ပိုင်း  ဂန္ဒီ၏ဦးဆောင်မှုဟူ၍ ပိုင်းခြားပြီးလေ့လာနိုင် တယ်။ 
အရှေ့တောင်အာရှ   အမျိုးသားလှုပ်ရှားမှုမှာလည်း    နိုင်ငံအလိုက် သီးခြားခွဲပြီး လေ့လာကျက်မှတ်ရမယ်။ အရှေ့တောင်အာရှနိုင်ငံတွေ့ရဲ့ အမျိုးသားလှုပ်ရှားမှုမှာ ထိုင်း၊  မလေးရှား၊ အင်ဒိုနီးရှား၊  အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်တို့ပါရှိတယ်။ 
တရုတ်အမျိုးသားလှုပ်ရှားမှုတွေမှာလည်း ရှေးဦးအမျိုးသားလှုပ်ရှားမှု၊ ၁၉၁၁ ဘူဇွာတော်လှန်ရေး၊ မေ ၄ အရေးတော်ပုံဆိုပြီး ပါရှိတယ်။
ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေမှာ  ကြီးမားတဲ့ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေနဲ့  ရင်ဆိုင်ခဲ့ရတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုချမှတ်ပြီး    ပြဿနာများကိုဖြေရှင်းပေမယ့်  မအောင်မြင်ခဲ့တဲ့ အခြေအနေကိုတွေ့ရတယ်။  ဒါကြောင့်နိုင်ငံတချို့မှာ အမျိုးသားဝါဒနဲ့ စစ်ဝါဒကိုအခြေခံတဲ့            အရင်းရှင်စနစ်ရဲ့   အကြမ်းတမ်းဆုံးနဲ့အဆိုးရွားဆုံးဖြစ်တဲ့   ဖက်ဆစ် အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့တယ်။ ဖက်ဆစ်စနစ်ဟာ  အီတလီမှာ  ရှေးဦးစွာပေါ်ပေါက်လာပြီး   ဂျာမနီ၊    ဂျပန်နိုင်ငံတွေမှာ   ဆက်လက် ပေါ်ပေါက်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကို လေ့လာရင် အခြေခံအကြောင်းရင်းများနဲ့  လတ်တလောအကြောင်းဟူ၍ နှစ်ပိုင်း လေ့လာဖို့လိုတယ်။   စစ်ဖြစ်ရသည့်    အခြေခံအကြောင်းရင်းများကို သီးခြားခေါင်းစဉ်ခွဲများဖြင့်      ဖော်ပြထားတယ်။    အဲဒီအခြေခံ အကြောင်းရင်းများမှာ
- အရင်းရှင်နိုင်ငံအချင်းချင်းပဋိပက္ခဖြစ်ခြင်း
- နိုင်ငံပေါင်းချုပ်အသင်းကြီး အားနည်းလာခြင်း
- မဟာမိတ်စစ်အုပ်စုများအပြိုင်အဆိုင်ဖွဲ့စည်းလာခြင်း
- လက်နက်အပြိုင်တပ်ဆင်ခြင်း
- ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးပျက်ပြား 
  လာခြင်း
တို့ဖြစ်တယ်။ ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုများမှာ မန်ချူးရီးယားအရေး၊ အီသီယိုးပီးယားအရေး၊    စပိန်ပြည်တွင်းစစ်၊     ဩစတြီးယားကို သိမ်းပိုက်ခြင်းနဲ့ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်ခြင်း  စသည်တို့ ဖြစ်တယ်။   ဒါတွေကို  တစ်ခုချင်းလေ့လာရမှာဖြစ်တယ်။ အဆိုပါ ကျူးကျော်မှုတွေဟာ  စစ်ဖြစ်ဖို့   ဦးတည်လာခြင်းဖြစ်တယ်။  အဲဒီ အခြေအနေမှာ ပိုလန်ကို ဂျာမန်တို့ကျူးကျော်လိုက်ရာမှတစ်ဆင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတယ်။ 
ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုတွေကတော့ အမေရိကန် ပြည်ထောင်စု   ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်း၊    ဆိုဗီယက် နိုင်ငံထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်းနဲ့  ကိုလိုနီလက်အောက်ခံ နိုင်ငံများ လွတ်လပ်ရေးရရှိလာခြင်းတို့ဖြစ်တယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလ     ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာလည်း ကမ္ဘာ့သမိုင်းမှာ  ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်တယ်။ အသင်းကြီးပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်များကို သီးခြားလေ့လာသိရှိဖို့  လိုအပ်တယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဥရောပ၌ ဆိုရှယ်လစ်စနစ် ကျယ်ပြန့်လာတယ်။ 
ဂျာမန်လက်အောက်ခံ အရှေ့ဥရောပနိုင်ငံများတွင် နာဇီဆန့်ကျင်ရေး၊ ပြည်သူ့လွတ်မြောက်ရေး  စစ်ပွဲများဆင်နွှဲရာမှာ   ဆိုဗီယက်နိုင်ငံမှ အကူအညီများပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင်  အရှေ့ဥရောပ နိုင်ငံတွေဟာ    ဆိုဗီယက်အကူအညီနဲ့    ဆိုရှယ်လစ်အစိုးရများကို ထူထောင်ခဲ့ကြတယ်။
ဒုတိယကမ္ဘာစစ်အပြီးတွင်   လွတ်မြောက်သော   အရှေ့ဥရောပ နိုင်ငံများအား စုစည်းကာ ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်အုပ်စုအဖြစ် ပေါ်ပေါက်လာခြင်းဟာ  ထူးခြားတဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ စစ်အေးဟာလည်း ထူးခြားတဲ့ သမိုင်းဖြစ်စဉ်တစ်ခုဖြစ်တယ်။ စစ်အေးအကြောင်းလေ့လာတဲ့ အခါ စစ်အေးရဲ့သဘောနဲ့ ပေါ်ပေါက်လာပုံတို့ကို လေ့လာသင့်တယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အခါ အမေရိကန်နိုင်ငံဟာ စစ်ဒဏ်မှ ကင်းလွတ်ပြီး ထိပ်သီးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်။ စစ်ဒဏ်ကြောင့်  အင်အားကျဆင်းခဲ့ရတဲ့ ဥရောပအင်အားကြီးနိုင်ငံများ ဖြစ်ကြတဲ့   အင်္ဂလန်၊  ပြင်သစ်၊   ဂျာမနီ၊ အီတလီနိုင်ငံတို့ကို စစ်ရေး၊ စီးပွားရေး အကူအညီများပေး၍  ခေါင်းဆောင်နေရာကို ရယူခဲ့တယ်။ ဒါကြောင့်  အမေရိကန်ဦးဆောင်တဲ့ အုပ်စုကို အနောက်အုပ်စု (သို့) အရင်းရှင်အုပ်စု (သို့) လက်ယာအုပ်စုလို့ခေါ်တယ်။   ဆိုဗီယက်နိုင်ငံ ဟာ စစ်ဒဏ်ခံခဲ့ရတဲ့ ပိုလန်၊ ချက်ကိုစလိုဗားကီးယား၊ ရူမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီစတဲ့ အရှေ့ဥရောပနိုင်ငံများကို ဦးဆောင် လာပြီး  ဆိုဗီယက်ဦးဆောင်တဲ့အုပ်စုကို အရှေ့အုပ်စု(သို့) ကွန်မြူနစ်အုပ်စု (သို့)  လက်ဝဲအုပ်စုလို့ခေါ်တယ်။ ဒီအုပ်စုနှစ်စုဟာ နိုင်ငံရေး၊ စီးပွားရေး ခံယူချက်တူညီမှုမရှိသကဲ့သို့    အမြင်ချင်းတူညီမှုလည်း    မရှိတာကို တွေ့ရတယ်။
အနောက်ဥရောပနိုင်ငံများအနေနဲ့လည်း    စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ     စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် စစ်ရေးအရလည်း  ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာကြတယ်။ ထင်ရှားတဲ့သာဓကတွေကတော့ -
၁.    မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)
၂.    အန်ဇတ် (ANZUS)
၃.    အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO)
၄.    ဗဟိုစာချုပ်အဖွဲ့ ( CENTO)
များဖွဲ့စည်းခြင်းဖြစ်တယ်။ 
ဆိုဗီယက်နိုင်ငံကလည်း   အရှေ့ဥရောပနိုင်ငံများမှာ   ဆိုဗီယက် နိုင်ငံကဲ့သို့သော ကွန်မြူနစ်စနစ်အခြေခံသော စီးပွားရေးစီမံကိန်းများ ချမှတ်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စစ်ရေးအရ   ပူးပေါင်းဆောင်ရွက်ရန်အတွက်  ဝါဆော   (Warsaw) စစ်စာချုပ်အဖွဲ့ကို  ဖွဲ့စည်းခဲ့တယ်။  ဒီလိုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့   အမေရိကန်ဦးဆောင်တဲ့    အနောက်အုပ်စုတို့ဟာ စစ်အုပ်စုများအပြိုင်အဆိုင် ဖွဲ့စည်းပြီးနောက် မဟာဗျူဟာလက်နက်များ အပြိုင်အဆိုင် တပ်ဆင်လာကြတယ်။ 
စစ်အေးကာလမှာ နိုင်ငံတကာအရေးအခင်းများလည်း ပေါ်ပေါက် လာတယ်။ ထင်ရှားတဲ့ နိုင်ငံတကာအရေးအခင်းတွေကတော့ 
၁.    ဂျာမန်ပြဿနာ၊ ဘာလင်ပိတ်ဆို့မှု
၂.    ကိုရီးယားစစ်
၃.    စူးအက်အရေးအခင်း
၄.    ကျူးဘားဒုံးပျံအရေးအခင်း
တို့ဖြစ်တယ်။ နိုင်ငံတကာအရေးအခင်းတွေ ဘယ်လိုပေါ်ပေါက်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ခြိမ်းခြောက်ခဲ့ပုံကို လေ့လာသင့်တယ်။ 
ကမ္ဘာ့သမိုင်းတွင် ဆိုရှယ်လစ်ရုရှားနိုင်ငံ အပြောင်းအလဲဖြစ်ခြင်း၊ ဆိုရှယ်လစ်အုပ်စုပြိုကွဲခြင်းနှင့် စစ်အေးကာလ ပြီးဆုံးခြင်းခေါင်းစဉ် တွေကလည်း နိုင်ငံတကာရေးရာမှာ  ထူးခြားတဲ့  ခေါင်းစဉ်များဖြစ်တဲ့ အတွက် လေ့လာသင့်တယ်။ 
ကမ္ဘာ့သမိုင်းသင်ရိုးတွင် အာရှနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြောင်းကိုလည်း  လေ့လာရမှာဖြစ်တယ်။ အလားတူ အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကိုလည်း လေ့လာသင့်တယ်။ ၁၉၄၅ မှ ၁၉၅၂ အထိ အသိမ်းပိုက်ခံကာလအနေအထားနဲ့ ခေတ်ပြိုင် ဂျပန်နိုင်ငံ အနေအထားတွေကို သိရှိရမှာဖြစ်တယ်။ 
ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ အရှေ့တောင်အာရှဒေသကိုလည်း လေ့လာသင့်တယ်။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ နိုင်ငံသစ်များ  ပေါ်ပေါက်လာခြင်းနှင့်    နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုများကို   လေ့လာသိရှိရမှာဖြစ်တယ်။   အရှေ့တောင်အာရှ သမိုင်းကိုလေ့လာရာမှာ  အာဆီယံ    (အရှေ့တောင်အာရှနိုင်ငံများ အသင်း) ဟာ အရေးပါတဲ့အတွက် လေ့လာသင့်တယ်။ 
ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ဘက်မလိုက်လှုပ်ရှားမှု၊ မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့၊ မြန်မာနိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း လေ့လာသိရှိဖို့လိုအပ်တယ်။
တက္ကသိုလ်ဝင်စာမေးပွဲ၊  သမိုင်းဘာသာရပ်ရဲ့ မေးခွန်းဟာ အပိုင်း (က)၊  အပိုင်း (ခ)၊ အပိုင်း  (ဂ)၊ အပိုင်း (ဃ)  ဟူ၍ အပိုင်းလေးပိုင်း ပါဝင်မှာဖြစ်တယ်။ မေးခွန်းအပိုင်းလေးပိုင်းလုံးကို ဖြေဆိုရမှာဖြစ်တယ်။ 
မေးခွန်း အပိုင်း (က) မှာ နံပါတ်  ၁။  (က)၊ ၁။ (ခ)၊ ဆိုပြီး ပါရှိမှာ ဖြစ်တယ်။ နံပါတ်  ၁။ (က)  မေးခွန်းက အောက်ပါကွက်လပ်များ၌ ဖြည့်စွက်ရမည့်အဖြေများကို အဖြေစာအုပ်တွင်ရေးပါ။ ဟူ၍ဖြစ်တယ်။ မြန်မာ့သမိုင်းမှ ငါးပုဒ်၊ ကမ္ဘာ့သမိုင်းမှ ငါးပုဒ်၊ စုစုပေါင်း ၁၀  ပုဒ်ပါရှိ မှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ တစ်မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၁၀ မှတ် ဖြစ်တယ်။ 
မေးခွန်းအပိုင်း (က)  ၏ နံပါတ် ၁။ (ခ) မေးခွန်းမှာ အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီအတွက် ပေးထားသောအဖြေ (က)၊ (ခ)၊ (ဂ) တို့အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါဟူ၍ဖြစ်တယ်။ မှန်တဲ့ အဖြေကို အဖြေစာအုပ်မှာ  ရေးရမှာဖြစ်တယ်။ မြန်မာ့သမိုင်းမှ ငါး ပုဒ်၊     ကမ္ဘာ့သမိုင်းမှ   ငါးပုဒ်၊ စုစုပေါင်း   ၁၀ ပုဒ်ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ တစ်မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၁၀ မှတ် ဖြစ်တယ်။ 
မေးခွန်းအပိုင်း (က) တစ်ခုလုံးဟာ ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်တဲ့ အတွက် ယခုပညာသင်နှစ်အတွက် ပြဋ္ဌာန်းထားတဲ့ သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံအောင်မေးထားတာဖြစ်တယ်။ ကျောင်းသူ ကျောင်းသားများ ရဲ့ဘာသာရပ်ပိုင်နိုင်မှုကို ဆန်းစစ်ထားတဲ့ မေးခွန်းများဖြစ်တယ်။
မေးခွန်းအပိုင်း (ခ) မှာ မှတ်စုတိုမေးခွန်းဖြစ်ပြီး မြန်မာ့သမိုင်းမှတ်စုတို လေးပုဒ်နဲ့    ကမ္ဘာ့သမိုင်း   မှတ်စုတိုလေးပုဒ်တို့ပါရှိမှာ    ဖြစ်တယ်။ ယင်းတို့အနက်မှ ကြိုက်နှစ်သက်ရာ မှတ်စုတို လေးပုဒ်ကို ဖြေဆိုရမှာ ဖြစ်တယ်။ မှတ်စုတိုတစ်ပုဒ်ရမှတ်မှာ ငါးမှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၂၀ မှတ်ဖြစ်တယ်။
မေးခွန်းအပိုင်း (ဂ) မှာ မြန်မာ့သမိုင်း မေးခွန်းများဖြစ်ပြီး စုစုပေါင်း လေးပုဒ်ပါရှိမှာ ဖြစ်တယ်။  ယင်းလေးပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁၅ မှတ်ဖြစ်ပြီး နှစ်ပုဒ်အတွက် စုစုပေါင်းရမှတ်မှာ ၃၀ မှတ်ဖြစ်တယ်။
မေးခွန်းအပိုင်း   (ဃ)     မှာ   ကမ္ဘာ့သမိုင်း    မေးခွန်းများဖြစ်ပြီး စုစုပေါင်းလေးပုဒ်ပါရှိမှာဖြစ်တယ်။ ယင်းလေးပုဒ်အနက်မှ ကြိုက်နှစ် သက်ရာနှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။   တစ်ပုဒ်ရဲ့ရမှတ်မှာ  ၁၅ မှတ်ဖြစ်ပြီး နှစ်ပုဒ်အတွက် စုစုပေါင်းရမှတ်မှာ ၃၀ မှတ် ဖြစ်တယ်။ မေးခွန်းအပိုင်း (ဂ)  နဲ့ အပိုင်း (ဃ) ဟာ သမိုင်းကြောင်း အချက်အလက် များ၊ သမိုင်းစဉ်ဆက်စပ်မှုများကို မေးထားတဲ့ မေးခွန်းများဖြစ်တယ်။
ကျောင်းသူကျောင်းသားများကို  မှာချင်တာကတော့-
၁။    ပြဋ္ဌာန်းစာအုပ်ပါ   အကြောင်းအရာအချက်အလက်များနဲ့ 
    သမိုင်းစဉ်ဆက်စပ်မှုကို     အထူးသတိထားပြီးလေ့လာရန်။
၂။    မေးခွန်းကို သေသေချာချာဖတ်ပြီး မေးခွန်းနဲ့သက်ဆိုင်ရာကိုသာ 
    ရေးဖြေရန်လိုကြောင်း     တင်ပြရင်းပို့ချချက်ကို    ရပ်နား 
    လိုက်ပါတယ်။