၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်အောင်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်းသူ- ဒေါ်အေးအေးသီ၊ မောင်မိုးစည်သူကျော်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြင်ပဖြေ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်အောင်ဇော်နှင့် ဇွန် ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်။

 

မေး- သားအနေနဲ့  မူလတန်းမှ  တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်အထိ ပညာကိုဘယ်လို လေ့လာဆည်းပူးခဲ့ပါသလဲ။

ဖြေ- ကျွန်တော်က သူငယ်တန်းကနေ ဆဋ္ဌမတန်းအထိကို ဝဲကလောင်းကျေးရွာ(မူလွန်)ကျောင်းမှာ   ပညာသင်ယူခဲ့ပါတယ်။ သတ္တမတန်းမှ ဒသမတန်းအထိက အ.ထ.က(၂) သံဖြူဇရပ်မှာ ပြောင်းရွှေ့သင်ယူခဲ့ပြီး ဒသမတန်းမှာ ပညာသင်ယူနေစဉ် ကိုဗစ်-၁၉ ရောဂါ တစ်နိုင်ငံလုံးဖြစ်ပွားတဲ့အချိန် ကျောင်းပိတ်ထားတဲ့အတွက် ကျောင်းနားထားရပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ သံဖြူဇရပ်မြို့ အ.ထ.က(၂) အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းညိုရဲ့ အကူအညီရယူပြီး ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

 

မေး- သားအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး ဝိပ္ပံဘာသာတွဲမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိအောင် ဘယ်လိုကြိုးစား သင်ယူခဲ့ပါသလဲ။

ဖြေ- ပညာသင်နှစ် စကတည်းက တစ်နေ့စာတစ်နေ့ ကျေအောင် ဘာသာစုံနေ့စဉ် ကျက်မှတ်ပြီး ကိုယ့်ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်အောင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းညိုရဲ့   လမ်းညွှန်မှုနဲ့ နေ့စဉ်မပျက် လေ့လာသင်ယူပြီး အိပ်ချိန်၊ စားချိန်၊ စာကျက်ချိန်၊ နားချိန် သတ်မှတ်ပြီး ကြိုးစားခဲ့တဲ့အတွက် အခက်ခဲမရှိ ကြိုးစားနိုင်ခဲ့ပါတယ်။

 

မေး- သားအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီးဖြစ်တဲ့အတွက် အနာဂတ်ဘဝရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲ။

ဖြေ- ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ကိုယ့်နိုင်ငံ ကိုယ်လူမျိုး အားကိုးဂုဏ်ယူရတဲ့ အင်ဂျင်နီယာ နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်ချင်ပါတယ်။ မိမိသင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ ပညာရှင်တစ်ဦး ဖြစ်ချင်ပါတယ်။

 

မေး- သားအနေနဲ့ ယခုပညာသင်နှစ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို ဘယ်လိုအကြံပြု တိုက်တွန်းချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ရဲ့ ဘဝအချိုးအကွေ့တစ်ခုလို့ ပြောလို့ရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုမည့် ညီအစ်ကို မောင်နှမများအနေနဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ရောက်အောင် အစွမ်းကုန်ကြိုးစားကြပါ။ ကျွန်တော်ကတော့ မထင်ရှားတဲ့ ကျေးရွာတစ်ရွာက ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုအခက်ခဲ အတားအဆီးပဲကြုံကြုံ အားမလျှော့ဘဲ ဇွဲ၊ လုံ့လ၊ ဝိရီယ ဆိုတဲ့ သူရဲကောင်း သုံးဦးနှင့်အတူ ကိုယ့်ပန်းတိုင်ကိုရောက်အောင် ကြိုးစားကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။