၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မကွေး မတ် ၃၀

 

၂၀၂၃ ခုနှစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခုနစ်ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲကို မတ် ၂၉ ရက်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့  နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကာယဗလမောင်နှင့် ကာယမယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြိုင်ပွဲကို စိတ်ဝင်စားသည့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ပြိုင်ပွဲဝင်များသည် ပမာဏယှဉ်ပြိုင်မှုအနေဖြင့် ကာယဗလမောင်များက ကိုယ်ဟန်ပြ ခုနစ်မျိုးနှင့် ကြိုက်နှစ်သစ်ရာ ကိုယ်ဟန်ပြ တစ်မျိုးစီဖြင့် ယှဉ်ပြိုင်ကြပြီး ကာယကြံ့ခိုင်မှုမယ်များသည် ၅ ပေ ၃ လက်မအောက်နှင့် ၅ ပေ ၃ လက်မအထက် ယှဉ်ပြိုင်မှုများအဖြစ် ကိုယ်ဟန်ပြ ခုနစ်မျိုးနှင့် ကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြတစ်မျိုးစီဖြင့် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ရွေးချယ်ခံရသည့် ကာယဗလမောင်နှင့် ကာယမယ်များက ဗိုလ်လုပွဲစဉ်အဖြစ် ကိုယ်ဟန်ပြ ခုနစ်မျိုးနှင့် ကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြ တစ်မျိုးစီဖြင့် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုကလပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

 

၂၀၂၃ ခုနှစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခုနစ်ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးရှိ ခရိုင် ခုနစ်ခရိုင်မှ ကာယဗလမောင် ၂၅ ဦး၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် ကာယမယ် ၂၄ ဦး စုစုပေါင်း ပြိုင်ပွဲဝင် ၄၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအဖြစ် ဆုကလပ်နှင့်ငွေသားဆု ၅ သိန်း၊ ဒုတိယဆုအဖြစ် ဆုကလပ်နှင့် ငွေသားဆု ၃ သိန်း၊ တတိယဆုအဖြစ် ဆုကလပ်နှင့် ငွေသားဆု ၂ သိန်းနှင့် နှစ်သိမ့်ဆုများအဖြစ် ဆုကလပ်နှင့် ငွေသားဆု ၅ သောင်းကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ကိုစည်သူ(မကွေး)