၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ယခုနှစ်အတွင်း ဆက်လက်ကျင်းပမည်

ရန်ကုန် မေ ၉

အာရှဘောလုံးအဖွဲ့ချုပ်သည် ဇွန်လတွင်ပြီးဆုံးမည့် ဒုတိယအဆင့် ခြေစစ်ပွဲအပြီးတွင် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ယခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အပြောင်းအလဲပြုလုပ် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲကို ယခင်က ယခုနှစ် မတ်လတွင် စတင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲနှင့် တစ်ပေါင်းတည်းကျင်းပနေသည့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများမှာ ရွှေ့ဆိုင်းနေရသဖြင့် တတိယအဆင့်ခြေစစ်ပွဲကျင်းပမည့်ကာလကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၂၀၂ ခုနှစ် ဇွန် ၁၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်းမှာ တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ ၂၀၂၃ အာရှဖလားပြိုင်ပွဲအား တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည့်အပြင် ၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့်သို့လည်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကျန်ဒုတိယနေရာရ လေးသင်း၊ တတိယ နေရာရ ရှစ်သင်းနှင့် စတုတ္ထနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၂ သင်းမှာ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲသို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ကျန်စတုတ္ထနေရာရ |လေးသင်းနှင့် အုပ်စုနောက်ဆုံးရပ်တည်မှုရ ရှစ်သင်းတို့မှာ Play-off ပွဲစဉ်ထပ်မံကစားရမည်ဖြစ်သည်။ ယင်း ၁၂ သင်းအတွက် Play-off ပွဲစဉ် ပထမအကျော့ကို စက်တင်ဘာ ၂ ရက်၊ ဒုတိယအကျော့ကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့် ခြောက်သင်းမှာ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အာရှဖလားတတိယအဆင့်ခြေစစ်ပွဲကို စုစုပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ကျန်သုံးနေရာ အတွက်မူ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် တစ်ပေါင်းတည်းကျင်းပသည့် ပထမအဆင့်ခြေစစ်ပွဲတွင် အရေး နိမ့်ခဲ့သည့် ခြောက်သင်းအား ပြန်လည်ယှဉ်ပြိုင်စေကာ အနိုင်ရသည့် သုံးသင်းမှာ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ယင်းခြောက်သင်းအတွက် Play-of ပွဲစဉ်များ ကို အောက်တိုဘာ ၇၊ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စု (F)၌ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် ပါဝင်နေသည်။ မြန်မာအသင်းသည် ငါးပွဲကစား ခြောက်မှတ်ရထားပြီး ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်အသင်းတို့နှင့် ကစားရန် ကျန်ရှိ နေသည်။

မြန်မာအသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) တတိယအဆင့်ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား တိုက်ရိုက်ဝင်ခွင့် (သို့မဟုတ်) ၂၀၂၃ အာရှ ဖလားတတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ဝင်ခွင့်အတွက် လက်ကျန်ပွဲများတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။ မြန်မာအသင်းသည် လက်ကျန်ပွဲ များအဖြစ် မေ ၂၈ ရက်တွင် ဂျပန်အသင်း၊ ဇွန် ၁၁ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလား ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲများကို ၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) ခြေစစ်ပွဲများနှင့် တစ်ပေါင်းတည်း ကျင်းပလျက်ရှိပြီး တတိယအဆင့်မှသာ သီးခြားစီကျင်းပမည်ဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - AFC