၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်သင်ကြား

နေပြည်တော်   ဇွန်   ၂

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့တွင်လည်း ဆက်လက်ဖွင့်လှစ်၍   သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း     စုစုပေါင်း ၇၅၇  ကျောင်း၊   ဘုန်းတော်ကြီး သင်ကျောင်း   စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊   အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၄ ကျောင်း စုစုပေါင်း ၇၉၉ ကျောင်း တို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂၀၂၇၀  တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

 

နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်   ကိုယ်ပိုင်ကျောင်း များတွင်လည်း            ကျောင်းသား ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအညီနှင့် အေးချမ်းစွာ    တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၀၇၀၉၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို သင်ရိုးညွှန်းတန်းစာအုပ်များ အခမဲ့ထုတ်ပေးပြီး    ကျောင်းဝတ်စုံနှင့်   ဗလာစာအုပ်များကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ကြိုတင်ပြင်ဆင်ပေးထား

ယခုကဲ့သို့ အခြေခံပညာ ကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက  စာသင်ခန်းများတွင်  ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ စာသင်ခုံများ   နေရာချထားခြင်း၊  စာသင်ချိန်များအား  စနစ်တကျစီမံထားခြင်း၊   ကျောင်းကြို /ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး စသည့် ကြိုတင်ပြင်ဆင်ခြင်း    လုပ်ငန်းများကို ဆောင်ရွက်ပေးထားကြသည်။

 

 

အေးချမ်းစွာပညာသင်ကြားနိုင်

ဆရာ ဆရာမများ၊  ကျောင်းသား ကျောင်းသူများ၊  ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း  လုံခြုံရေးတပ်ဖွဲ့များ၊   မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု    ပြည်သူလူထု လုံခြုံရေးအဖွဲ့များပူးပေါင်း၍  အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

အားပေးစကားပြောကြား

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို   ပြည်ထောင်စုဝန်ကြီး များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီး များ၊      တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး ကြပြီး    ဆရာဆရာမများနှင့်   ကျောင်းသား ကျောင်းသူများအား   ရင်းရင်းနှီးနှီး အားပေးစကားများ   ပြောကြားခဲ့ကြကြောင်း  သတင်းရရှိသည်။

သတင်းစဉ်