၂၀၂၂ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၃ ရက် စတင်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကျင်းပမည့် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်းအပါအဝင် မြဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်း၊ YREO အသင်း၊ Young Lionesses အသင်း၊ Tanintharyi အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ဆီမီး ပရိုလိဂ်ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ငါးသင်း ပြန်လည်ယှဉ်ပြိုင်ပြီး အသင်းသစ် နှစ်သင်း ထပ်တိုးလာခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီကျင်းပပြီးနောက် ရပ်နားထားကာ ယခုနှစ်မှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် ၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၈-၂၀၁၉ ရာသီတွင် အားကာသိပ္ပံအသင်း ဗိုလ်စွဲခဲ့သည်။


ယင်းပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ နှင့် M-3 ကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။  ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားကို မကြာမီ ထုတ်ပြန်မည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-သော်ကြီး