၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နှင့် မြန်မာအသင်း ယနေ့ ယှဉ်ပြိုင်ကစားမည်

ရန်ကုန်  မေ  ၂၇

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (F) ပွဲစဉ်အဖြစ် ဂျပန် လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ မေ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဂျပန်နိုင်ငံ ချီဘာမြို့ရှိ ဖူကူဒါဒန်ရှိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများ အနက် ဂျပန်နှင့် မြန်မာအသင်းပွဲကို အစောဆုံးကျင်းပခြင်းဖြစ်ပြီး ဂျပန်အသင်းအနေဖြင့် ဇွန်လဆန်းတွင် Kirin Cup ပြိုင်ပွဲ ယှဉ်ပြိုင်ရန်ရှိသဖြင့် ယခုပွဲကို ရှေ့တိုး ကျင်းပခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂျပန်အသင်းကို ပထမအကျော့အိမ်ကွင်းပွဲတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပြီး ဂျပန်အသင်းအနေဖြင့် ယခုပွဲအနိုင်ရပါက နောက်တစ်ဆင့်တက်ရန် သေချာ သလောက် ရှိသွားမည်ဖြစ်သည်။ အုပ်စု(F)တွင် ဂျပန်အသင်းက ငါးပွဲကစား ၁၅ မှတ်၊ တာဂျစ်ကစ္စတန် အသင်းက ခြောက်ပွဲ ကစား ၁၀ မှတ်၊ ကာဂျစ္စတန်အသင်းက ငါးပွဲကစား ခုနှစ်မှတ်၊ မြန်မာအသင်းက ငါးပွဲ ကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုဒုတိယနေရာနှင့် ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲသို့ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရန် လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိပြီး ဂျပန်နှင့်ပွဲတွင် အမှတ်ရရန် မလွယ်ကူသော်လည်း ပေးဂိုးနည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဂျပန်လက်ရွေးစင်အသင်းသည် မြန်မာနှင့်ပွဲအတွက် အဓိက ကစားသမားအစုံအလင် ရွေးချယ်ထားပြီး ဥရောပအခြေစိုက်ကစားသမား များ ပါဝင်လာသည်။ ဥရောပတွင်ကစားနေသည့် ကူဘို၊ ယိုရှီဒါ၊ နာဂါတိုမို၊ အန်ဒို၊ မီနာမီနို အစရှိသူတို့ ပါဝင်လာပြီး လူမစုံသည့် မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲရင်ဆိုင် ရဖွယ်ရှိနေသည်။ မြန်မာအသင်း သည် နိုင်ငံတကာပြိုင်ပွဲများနှင့် တစ်နှစ်ခွဲဝန်းကျင် ဝေးကွာနေသဖြင့် ပထမဆုံးပြန်လည်ကစား ရမည့်ပွဲ တွင် ဂျပန်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ပိုမိုခက်ခဲဖွယ်ရှိနေသည်။

အုပ်စု(F)တွင် လက်ကျန်ခြောက်ပွဲ ကစားရန် ကျန်ရှိနေပြီး မြန်မာနှင့် ဂျပန် နှစ်သင်းစလုံး သုံးပွဲစီ ကစားရန် ကျန်ရှိနေကာ ထိပ်တိုက်တွေ့ဆုံမှုပြီးပါက ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ထပ်မံ ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး