၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ဗီယက်နမ်သို့လာရောက်သူ နိုင်ငံတကာခရီးသည်အရေအတွက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာ

ဟနွိုင်း   ဇန်နဝါရီ   ၃၁

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမှုများနှင့် နိုင်ငံအတွင်း ချမှတ် ထားသော ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အစီအမံများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ဗီယက်နမ် နိုင်ငံသို့ နိုင်ငံတကာခရီးသည် ၁၉၇၀၀ ကျော် ရောက်ရှိလည်ပတ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ဗဟို စာရင်းအင်းရုံးက ယမန်နေ့တွင် ပြောကြားသည်။

အဆိုပါ လာရောက်လည်ပတ်သော ခရီးသည်များ၌ လေကြောင်းခရီးဖြင့် လာရောက်သူ ၈၈ ရာခိုင်နှုန်း၊ ကုန်းလမ်းခရီးမှ လာရောက်သူ ၁၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ရေကြောင်းခရီးမှ လာရောက်သူ ၀ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး လာရောက်လည်ပတ်သည့် ခရီးသည်အများစုမှာ အာရှနိုင်ငံများမှဖြစ်ကြောင်း အဆိုပါရုံး က ပြောသည်။

ဗီယက်နမ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ယမန်နှစ် မတ်လမှစတင်၍ နယ်စပ် ဒေသများကို ပိတ်ပင်ခြင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းများအား နိုင်ငံအတွင်းဝင်ရောက်ခွင့် ရပ်ဆိုင်းခဲ့သည်။

သို့သော် ယင်းကာလ၌ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာမည့် ဗီယက်နမ်နိုင်ငံသားများ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူအဆင့်ရှိ လုပ်သားများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ လိုက်နာဆောင်ရွက်စေပြီး အထူးလေယာဉ်များဖြင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ သည်။ နိုင်ငံအတွင်း ယမန်နှစ်နိုဝင်ဘာမှ စတင်၍ နိုင်ငံတကာမှခရီးသည်များအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့်ခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် ခရီးသွားလာရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။

၂၀၂၁ ခုနှစ်က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံခြားသားခရီးသည် ၁၅၇၃၀၀ သာ လာရောက်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ