၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ နေပြည်တော်၌ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားစေရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် စုစုပေါင်းအင်အား ၄၀၀၀ ခန့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူး၊ Pocari Sweat နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

MDN