၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်   ဇန်နဝါရီ   ၁၇

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရန် ဇန်နဝါရီ  ၁၆ ရက်  နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု  (က) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေ ၊ အီရန်၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်အသင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။

အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးယဉ်မင်းအောင်၊ အသင်းဆရာဝန် ဒေါက်တာယုနန္ဒာထွန်း၊ အကြောကျွမ်းကျင်- ဦးလွင်ဦးကို၊ Media officer- ဦးအောင်သော်ဖြိုး၊ Video Analyst-ဦးမြတ်စိုးသူ၊ Security Officer -ဒေါ်ဆုပြည့်စုံအောင်၊ အားကစားသမားများအဖြစ် ဂိုးသမား-မေဇင်နွယ်၊ ဇူလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ ခင်သန်းဝေ၊ အလယ်တန်း-သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ လိုက်ပါသွားသည်။

ရဲရင့်လွင်