၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို သတ်မှတ်ထားသောကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ညနေတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် သည် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့်အတူ ဘောလုံးပြိုင်ပွဲများကို ကြည့်ရှု အားပေးကြသည်။ 

ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့် ပုသိမ် ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက ဒဂုံဇုန်အသင်းကို ၄ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိသည်။ အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန်ဇုန်အသင်းနှင့် မြစ်ကြီး နား ဇုန်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ  တစ်ဖက် ၁ဂိုးစီဖြင့် သရေကျသည်။ 
    
ဖေဖော်ဝါရီ ၂၄ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲမှ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ မန္တလေး ဇုန်အသင်းနှင့်မော်လမြိုင်ဇုန်အသင်းလေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ တောင်ကြီးဇုန်နှင့်မကွေးဇုန်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်များမှ အုပ်စု ပထမ၊ ဒုတိယဖြင့်အနိုင်ရရှိလာသည့်အသင်းများသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ အကြိုဗိုလ်လုပွဲကို လည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းသိရသည်။ 

(သတင်းစဉ်)