၂၀၂၁ ခုနှစ်တွင် လူငယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်  ၂၁  ဇွန်

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင် လူငယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

                           

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် လူငယ်ဖိတ်ခေါ်ပြိုင်ပွဲကို လာမည့်နှစ်တွင် ထပ်မံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဥရောပဘောလုံးအဖွဲ့ချုပ်သည် အရှေ့တောင်အာရှ နိုင်ငံများအတွက် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းကာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပခွင့်ရခဲ့သလို လာမည့်နှစ်တွင်လည်း ထပ်မံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျင်းပသည့် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခဲ့ပြီး ဥရောပမှ မွန်တီနီဂရိုးအသင်း၊ အာရှမှ တောင်ကိုရီးယားအသင်း၊ အရှေ့တောင်အာရှမှ အိမ်ရှင်မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ဒုတိယ၊ မွန်တီနီဂရိုးအသင်းက တတိယရရှိကာ မြန်မာအသင်းမှာမူ အုပ်စုအောက်ဆုံးတွင် ရပ်တည်ခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ရလဒ်မကောင်းခဲ့သော်လည်း ဥရောပ၊ အာရှအသင်းများနှင့် ကစားခွင့်ရခဲ့သောကြောင့် အတွေ့အကြုံကောင်းများ ရရှိခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ထပ်မံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

                          

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်း မရှိသော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်တွင် ပြန်လည်ကျင်းပဖွယ်ရှိနေပြီး ယူ-၁၆ ပြိုင်ပွဲသာ ကျင်းပဖွယ်ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်