၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်မည်

ရန်ကုန်   မေ   ၃၁

၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများ တွင် မြန်မာအသင်းများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အမျိုးသမီးဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများတွင်မူ အသင်းအရေအတွက် လျော့ကျဖွယ်ရှိနေသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲသာ ပုံမှန်ပါဝင်သော်လည်း အမျိုးသမီးဘောလုံးနှင့် ဖူဆယ် ပြိုင်ပွဲများမှာမူ အိမ်ရှင်နိုင်ငံအပေါ် မူတည်၍ ပါဝင်ခြင်းဖြစ်သည်။ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံး အားကစားနည်း၌ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ဘောလုံး၊ ဖူဆယ်၊ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲလေးခုတွင် ယှဉ်ပြိုင် မည်ဖြစ်သည်။

ယင်းပြိုင်ပွဲများအနက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး ကျန်ပြိုင်ပွဲ များကိုမူ အသက်ကန့်သတ်ချက်မထားဘဲ လက်ရွေးစင်အဆင့်အဖြစ် ကျင်းပမည်ဖြစ်သည်။ ဗီယက်နမ် အိုလံပစ်ကော်မတီသည် ဆီးဂိမ်းပြိုင်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကာ ကိုဗစ်- ၁၉ ရောဂါကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်လျက်ရှိသည်။

၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းကို ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ဦးတင်မြင့်အောင်တို့က ကိုင်တွယ်မည် ဖြစ်ပြီး ဖူဆယ်လက်ရွေးစင်အသင်းများအား တာဝန်ယူကိုင်တွယ်မည့် နည်းပြများကို မကြာမီကြေညာ မည်ဖြစ်သည်။ မြန်မာဘောလုံးနှင့် ဖူဆယ်အသင်းများသည် နှစ်လယ်ပိုင်းတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံးအမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲသာ ပါဝင်ခဲ့၍ မြန်မာအသင်းများမှာ ကြေးတံဆိပ်ဆုရရှိခဲ့သည်။

ရဲရင့်လွင်