၂၀၂၁ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်းခုနစ်မျိုး ယှဉ်ပြိုင်ရန် စီစဉ်

ရန်ကုန်   ဇွန်   ၂၃

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၁ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ဟနွိုင်းမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ရေကူး၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ မြားပစ်၊ ဂျူဒို၊ Boccia၊ အလေးမ၊ ကြက်တောင်၊ စစ်တုရင်၊ ဦးရဲတင်းနှစ် နှင့် Goalball ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ Goalball Boccia၊ အလေးမနှင့် မြားပစ်အားကစားနည်း ခုနှစ်မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် အကြိမ် တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ် ၁၈၁ ခု၊ ငွေတံဆိပ် ၁၃၂ ခု၊ ကြေးတံဆိပ် ၁၄၄ ခု ဆွတ်ခူးရရှိထားကြောင်း မှတ်တမ်းများအရ သိရသည်။

လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်နေ

မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဝင်ရောက်ယှဉ်ပြိုင်သည့် အကြိမ်တိုင်း ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး အောင်မြင်မှုများလည်းရရှိခဲ့သည်။ သို့သော် ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆီးဂိမ်းနှင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲနှစ်ခုစလုံးကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်နေပြီး ယခုရက်ပိုင်းအတွင်း အတည်ပြုမည်ဖြစ်သည်။

ကိုညီလေး