၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးဝင်ရောက်ဖြေဆို

ရန်ကုန် ၁၁ မတ်

 

ယနေ့စတင်ကျင်းပသည့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးစာရင်းပေးသွင်းခဲ့သည့်အနက် ၁၃ ဦးဝင်ရောက်ဖြေဆိုကြောင်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ ကျောင်းသား၊ ကျောင်းသူများမှာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ခုနစ်ဦး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ခြောက်တို့ဦးဖြစ်ပြီး ၎င်းတို့အနေဖြင့် ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ကြည်မြင်တိုင်စာစစ်ဌာန) နှင့် အင်းစိန်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း  (အင်းစိန်စာစစ်ဌာန) တို့တွင် ဝင်ရောက်ဖြေဆို ကြခြင်းဖြစ်သည်။

 

ထိုသို့ ဖြေဆိုမှုနှင့်ပတ်သက်၍ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်းက “ဒီနှစ်မှာတော့ ကျွန်မတို့ကျောင်းက ခြောက်ဦးဖြေဆိုတယ်။ တန်းတက်အသစ် သုံးဦးနဲ့ နှစ်ကျသုံးဦးပါ။ သူတို့ကို ဒီကျောင်းမှာပဲသင်ကြားပေးတယ်။ သင်ကြားမှုအပိုင်းကိုတော့ အထက(၂) အင်းစိန်က ဆရာ၊ ဆရာမတွေနဲ့ ညှိနှိုင်းသင်ကြားပေးပါတယ်။ လစဉ် အရည်အချင်းစစ် စာမေးပွဲတွေကို အထက(၂) အင်းစိန်မှာ ဖြေဆိုကြရတယ်။ အဲဒီလိုဖြေဆိုမှုတွေလုပ်ခဲ့ပြီးမှ အခုစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရတာဖြစ်ပါတယ်။ အခုဖြေဆိုတဲ့အခါမှာလည်း သူတို့ရဲ့ တစ်ဆင့်နိမ့် အတန်းဖြစ်တဲ့ ကိုးတန်းကျောင်းသား၊ ကျောင်းသူတွေက ကူညီဖြေဆို ပေးရတာဖြစ်ပါတယ် ဟု ပြောသည်။

 

အင်းစိန်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အင်းစိန်စာစစ်ဌာန)၌ ဝင်ရောက်ဖြေဆိုနေသော အမြင်အာရုံချို့ယွင်းနေသူ မရန်ပုက “သာမန်သူတွေနဲ့ မတူတော့ အများကြီးကြိုးစားထားရတယ်။ ဒီနေ့ဘာသာရပ်ကိုတော့ ကောင်းကောင်း ဖြေနိုင်တယ်။ ကူညီပေးတဲ့သူကိုလည်း ကျေးဇူးတင်တယ်။ စာမေးပွဲအောင်ရင် တက္ကသိုလ် ဆက်တက်မယ်။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာပိုင်းကို လေ့လာသင်ကြားချင်ပါတယ်” ဟုပြောသည်။

 

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းရှိ ကျောင်းသား ကျောင်းသူ (၁၃၅၆၈၈)ဦး အနက် (၁၂၄၉၃၉)ဦး ဝင်ရောက်ဖြေကြရာ အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်