၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ၂၃ သင်း ယှဉ်ပြိုင်မည်

ရန်ကုန် ၁၄  ဇွန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ပြန်လည် ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၂၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး MNL ကလပ်အသင်းနှစ်သင်း နုတ်ထွက် သွားသော်လည်း ပြိုင်ပွဲကျင်းပမည့်ပုံစံကို ယခင်သတ်မှတ်ထားသည့်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ကျင်းပသွား မည်ဖြစ်သည်။

 

ယခုနှစ်တွင် အပျော်တမ်းအသင်းများအပါအဝင် အသင်းပေါင်း ၂၅ သင်းဖြင့် ကျင်းရန် စီစဉ်ထားသော်လည်း နှစ်သင်းနုတ်ထွက်သွား၍ ၂၃ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

 

နုတ်ထွက်သွားသည့် ချင်းယူနိုက်တက်နှင့် ဇွဲကပင်အသင်းသည် ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ပထမအဆင့်မှ တက်ရောက်လာမည့် ချင်းယူနိုက်တက်နှင့် တွေ့ဆုံမည့် မြဝတီနှင့် ရန်ကုန်ပရီမီယာလိဂ် ချန်ပီယံအသင်းတို့ပွဲမှ အနိုင်ရသည့်အသင်း၊ ဇွဲကပင်အသင်းနှင့် တွေ့ဆုံမည့် ငွေကြယ်ပွင့်နှင့် ရွှေပြည်သာ အသင်းတို့ပွဲမှ အနိုင်ရသည့်အသင်းတို့မှာ တတိယအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည် ဖြစ်သည်။

 

ပြိုင်ပွဲဝင်အသင်းများတွင်  ရန်ကုန်ပရီမီယာလိဂ် ချန်ပီယံအသင်းသာ ထွက်ပေါ်ရန် ကျန်ရှိတော့ပြီး ကျန် ၂၂ သင်းမှာ ထွက်ပေါ်ပြီးဖြစ်သည်။

 

ပထမအဆင့်တွင် အပျော်တမ်းနှင့် MNL-2 ကလပ်အသင်းများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယ အဆင့်တွင် MNL ကလပ်အသင်းများ ပါဝင်လာကာ ၂၀၁၉ ရာသီ MNL ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ခဲ့သည့် ရှမ်းယူနိုက်တက်၊ ဧရာဝတီနှင့် ရန်ကုန်အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

 

ရှုံးထွက်ပွဲစဉ်များကို သုဝဏ္ဏ၊ YUSC ၊ စလင်း၊ ပဒုမ္မာ နှင့် M-3 ဗဟန်းကွင်းတို့၌ ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်မှ ဆီမီးဖိုင်နယ်အထိ ပွဲစဉ်များကို တစ်ဆင့်လျှင် တစ်ရက်တည်း အပြီးကျင်းပမည်ဖြစ်သည်။

 

ပထမအဆင့်ပွဲစဉ်များကို ဇူလိုင် ၁၆၊ ၁၇ ရက်၊ ဒုတိယအဆင့်ပွဲစဉ်များကို သြဂုတ် ၅ ရက်၊ တတိယအဆင့်ပွဲစဉ်များကို သြဂုတ် ၁၂ ရက်၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၉ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ စက်တင်ဘာ ၁၁ ရက် သို့မဟုတ် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ပထမအဆင့်တွင် 10/Mon အသင်းနှင့် ပေါင်းလောင်းအသင်း၊ တက္ကသိုလ်အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ယောမြေအသင်း၊ မြဝတီအသင်းနှင့် ရန်ကုန်ပရီမီယာလိဂ်ချန်ပီယံအသင်း၊ ငွေကြယ်ပွင့် အသင်းနှင့် ရွှေပြည်သာအသင်း၊ မောရဝတီအသင်းနှင့် happy Friendship အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 

ရှုံးထွက်ပြိုင်ပွဲကို ယခုနှစ်တွင် ၁၀ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်