၂၀၂၀ အတိုးတက်ဆုံးနှင့် အကောင်းဆုံးကစားသမား ဆန်ခါတင် ၁၀ ဦး၏ ပထမနေ့မဲရရှိမှု၌ အားတီ ဦးဆောင်နေ

ရန်ကုန်၊ ၁၄ ဇန်နဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နာမည်ကြီးအွန်လိုင်း ရုပ်သံဖြစ်သည့် China Sports Zhibo TV က ၂၀၂၀ ပြည့်နှစ်အတွက် အတိုးတက်ဆုံးနှင့် အကောင်းဆုံးကစားသမားအား မဲပေးရွေးချယ်ရန် ဆန်ခါတင် Chinese 8 Ball ကစားသမား ၁၀ ဦးစာရင်းကို ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား အားတီ (ခ) ဘုန်းမြင့်ကျော်လည်း ပါဝင်ခဲ့သည်။

 

အဆိုပါ ဆန်ခါတင် ကစားသမား ၁၀ ဦးတို့မှာ ဘုန်းမြင့်ကျော် (ခ) အားတီ၊ ဇိန့်ယူဘို၊ ချူဘင်ဂျီ၊ ကျန်ခွန်ဖန်၊ ယုဟိုင်တောင်း၊ တိုက်ယွန်၊ ယန်ဖန်၊ လျုဟိုင်တောင်း၊ ရှင်ဟန့်ချင်နှင့် ဝူဟောက်တို့ ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် မဲစတင်ပေးသည့် ဇန်နဝါရီ ၁၂ ရက် မဲစာရင်းများအရ အဆိုပါ ဆန်ခါတင် ကစားသမား ၁၀ ဦးထဲ၌ မဲအများဆုံးဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။

 

မိမိတို့ စိတ်ကြိုက်ကစားသမားအား မဲပေးရွေးချယ်မှုကို ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁ ရက်အထိ မဲပေးရွေးချယ်ခွင့်ရရှိမည် ဖြစ်သည်။ အဆိုပါမဲပေးမှုများထဲမှ မဲအများဆုံးရရှိသည့် 8 Ball ကစားသမားကို ၂၀၂၀ ပြည့်နှစ်၏ အတိုးတက်ဆုံးနှင့် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ရွေးချယ်မည် ဖြစ်သည်။

 

China Sports Zhibo TV က အားတီအကြောင်း အကျဉ်းချုပ်၌ ၂၀၂၀ ပြည့်နှစ် ဧပြီလက စတင်ကျင်းပခဲ့သော 2020 8 Battle Chinese Pool Super ရှစ်ယောက် ပတ်လည်ပြိုင်ပွဲ၌ ခြောက်ပွဲဆက်တိုက် အနိုင်ကစားပြီး အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သူ၊ ၂၀၂၀ ပြည့်နှစ်အတွင်း ပြိုင်ပွဲများ၌ ဗိုလ်လုပွဲသို့ ခုနစ်ကြိမ်တက်နိုင်ခဲ့ပြီး တစ်ကြိမ်ဗိုလ်စွဲခဲ့သူ၊ မိခင်မြန်မာနိုင်ငံအတွက် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ၌ အဖိုးတန် ရွှေတံဆိပ်နှစ်ခုကို ဆွတ်ခူးပေးနိုင်ခဲ့သူအဖြစ် ဖော်ပြထားကြောင်း သိရသည်။

 

China Sports Zhibo TV သည် Chinese 8 Ball ကစားနည်းတူ စနူကာနှင့် ကလပ်သင်းများကို မဲပေးရွေးချယ်နိုင်ရန် စနူကာအတိုးတက်ဆုံးနှင့် အကောင်းဆုံးကစားသမားအတွက် ဆန်ခါတင် ၁၀ ဦးနှင့် အကောင်းဆုံး ကလပ်သင်းတို့အတွက်လည်း ဆန်ခါတင်ကလပ် ၁၀ ခုတို့၏ စာရင်းများကိုလည်း ထုတ်ပြန်ခဲ့သည်။

 

အာကာလင်း