၂၀၂၀-၂၁ ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီး မန်ယူ၊ လီဗာပူး၊ ချယ်ဆီး ချန်ပီယံလိဂ်ဝင်ခွင့်ရ

၂၄ မေ

၂၀၂၀-၂၀၂၁ ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ်များကို မေ ၂၃ ရက် ညပိုင်းက ပွဲစဉ်အားလုံးတစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့သည်။ ရာသီပိတ်ပွဲစဉ်မတိုင်မီ မန်စီးတီးအသင်းက ပရီမီယာလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည်။

မန်စီးတီးအသင်းသည် ယခုနှစ်တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် နည်းပြ ဂွါဒီယိုလာ မန်စီးတီးအသင်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များအနက် ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်များအဖြစ် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာအတွက် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ချယ်ဆီး၊ လက်စတာ၊ လီဗာပူးအသင်း တို့ပွဲစဉ်က စိတ်လှုပ်ရှားစရာအဖြစ်ရှိနေသည်။ လီဗာပူးအသင်းသည် ရာသီပိတ်ပွဲစဉ်တွင် ပဲလေ့စ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည်။ ချယ်ဆီးအသင်းက ဗီလာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ၆၇ မှတ်ဖြင့် အဆင့်(၄)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည်။ လက်စတာအသင်းက စပါးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ၆၆ မှတ်သာ ရရှိသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့သည်။ ယူရိုပါလိဂ်ဝင်ခွင့်ကို လက်စတာနှင့် ဝက်စ်ဟမ်းအသင်းတို့ ရရှိခဲ့သည်။

ယခုနှစ်ရာသီတွင် ရလဒ်များဆိုးရွားနေသည့် ဖူလ်ဟမ်၊ ဝက်စ်ဘရွန်း၊ ရှက်ဖီးလ်အသင်းတို့ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသည်။ ယခုနှစ်ရာသီဂိုးအများဆုံးသွင်းယူသူအဖြစ် ဟယ်ရီကိန်းက ၂၃ ဂိုးဖြင့် မှတ်တမ်းတင်နိုင်ခဲ့ သည်။ အိမ်ကွင်းဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မန်ယူအသင်းက ဆောက်သမ်တန်အသင်းကို ကိုးဂိုးပြတ် အနိုင် ရရှိခဲ့ပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။ အဝေးကွင်းဂိုးအပြတ်ဆုံးနိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို လီဗာပူး အသင်းက ခုနစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။ အရှည်ကြာဆုံးနိုင်ပွဲဆက်မှုအဖြစ် မန်စီးတီး အသင်းက ၁၅ ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး အရှည်ကြာဆုံး မရှုံးနိမ့်အောင်ကစားထားနိုင်သည့်အသင်းအဖြစ် မန်စီးတီးအသင်းက ၁၉ ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ရှက်ဖီးလ်အသင်းက အရှည်ကြာ ဆုံးရှုံးပွဲဆက်မှု ရှစ်ပွဲဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။

အောင်ဇော်