၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၉၄၃ သန်းကျော်ရရှိထားပြီး ပြီးခဲ့သည့် နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ပိုမိုရရှိ

၂၂ မတ်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၉၄၃ သန်းကျော် ရရှိထားပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ သန်း ၆၀ဝ ကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၅ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၃၂.ဝ၉၁ သန်း ဝင်ရောက်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈၄၀.၉၀၆ သန်း ရရှိထားကြောင်း၊ ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်မှလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၃.ဝ၇၀ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။


သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၄၃.၉၇၆ သန်း ရရှိထားသည်။ 


ပြီးခဲ့သည့်နှစ် ကာလတူတွင်(၂၀၁၇-၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ) သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၅ သန်း ရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။


ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ ခွင့်ပြုခဲ့သည့် ပရောဂျက်များမှာလည်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ပရောဂျက် ၁၂၉ ခု ရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူတွင် ပရောဂျက် ၈၀ သာ ရရှိထားသောကြောင့် ယခုဘဏ္ဍာနှစ်တွင် ပရောဂျက် ၄၉ ခု တိုးလာကြောင်း ၎င်းက ဆက်ပြောသည်။


“၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ စပြီးတော့မှ ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်အထိ ခွင့်ပြုလိုက်တဲ့ ပမာဏ ပရောဂျက်ပေါင်း ၈၀ ရှိပါတယ်၊ သီလဝါ အပါအဝင် ပရောဂျက်ပေါင်း ၈၀ ရှိတယ်၊ ခွင့်ပြုလိုက်တဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၁၅ သန်း ဖြစ်ပါတယ်၊ ဒါက မနှစ်က အခြေအနေပါ၊ ဒီနှစ်ကတော့ ၁၉၄၃. ၉၇၆ သန်းဆိုတော့ မနှစ်ကထက်စာရင် သန်း ၆၀ဝ ကျော်လောက် တိုးလာတယ်၊ ပရောဂျက် အရေအတွက်ကလည်း ဒီနှစ်က သီလဝါအပါအဝင် အားလုံးပေးတာ ၁၂၉ ခုရှိတယ်၊ မနှစ်က ၈၀ ဆိုတော့ ပရောဂျက်အရေအတွက် ၄၉ ခုလောက် တိုးလာပါတယ်” ဟု ဦးအောင်နိုင်ဦး က ပြောသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားသည်။ 


Nyein Nyein