(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း အားကစားနည်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

 

နေပြည်တော် အောက်တိုဘာ ၄

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ဒေသစံတော်ချိန် (၉) နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲ အမျိုးသား (၄) ယောက်တွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာအသင်းက (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပထမဆုရရှိသည့် မြန်မာအသင်း၊ ဒုတိယဆုရရှိသည့် အင်ဒိုနီးရှားအသင်း၊ ပူးတွဲတတိယဆုရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နဂါးလှေလှော်  (Dragon Boat)အားကစားနည်းမှ အမျိုးသားမီတာ (၂၀၀) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ အင်ဒိုနီးရှားအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထ၊ အမျိုးသမီးမီတာ (၂၀၀) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထ ရရှိခဲ့ကြသည်။

 

အောက်တိုဘာ ၅ ရက်တွင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား (၃) ယောက်တွဲ အုပ်စု ပွဲစဉ်များအဖြစ် မြန်မာအသင်းသည် ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ဖိလစ်ပိုင် အသင်းနှင့် လည်းကောင်း၊ မွန်းလွဲ (၂) နာရီတွင် ထိုင်းအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

 

ထို့အတူ အမျိုးသမီး (၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းသည် နံနက်(၁၀)နာရီတွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နံနက် (၉) နာရီတွင် နဂါးလှေလှော်(Dragon Boat)အားကစားနည်း အမျိုးသား မီတာ (၅၀၀) ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ (၅၀၀) ပြိုင်ပွဲများတွင်လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်