18th True Visions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခု ရရှိ

ရန်ကုန် ၁၈ ဧပြီ

 

ထိုင်းနိုင်ငံ၌ ကျင်းပသော 18th True Visions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့ကြောင်း သိရသည်။

 

မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားကိုးဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Consolations Class B Boys တွင် ထွန်းသူရိန်က ပထမ၊ Consolations Class D Boys တွင် ကျော်လင်းထက်က တတိယဆုရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို ဧပြီ ၉ ရက်မှ ၁၂ ရက်အထိ အရှေ့တောင်အာရှနိုင်ငံများနှင့် အာရှနိုင်ငံများမှ လူငယ်ဂေါက်သီးရိုက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ် ဦးမျိုးသီဟ (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်) ကစားသမားများအဖြစ် ဖြိုးဇံ၊ ကောင်းမြတ်ကျော်၊ မင်းစစ်သွေး၊ မင်းသံလွင်အောင်၊ ထွန်းသူရိန်၊ အောင်မျိုးသူ၊ လင်းဖြိုးသူ၊ ဝေယံလင်း၊ ကျော်လင်းထက်တို့ပါဝင်ကြကြောင်း သိရသည်။

 

သတင်း - ဖိုးသော်ဇင်

ဓာတ်ပုံ - ဂေါက်သီးအဖွဲ့ချုပ်