၁၆-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

 

(ယမန်နေ့မှအဆက်) 

သူရိယနေဝန်းသတင်းထောက် ဒေါ်သဇင်ဦးက PDF အဖွဲ့များကို အလင်းဝင်ရန်  ပြန်လည်ဖိတ်ခေါ် ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊  အကြမ်း ဖက်အဖြစ် ကြေညာထားခြင်းခံထားရသည့် CRPH၊ NUG တို့ ကြိုးကိုင်ခြယ်လှယ်ခြင်းခံနေရသည့် PDF များကို   လက်နက်အပ်နှံပြီး     ပြည်သူ့ဘဝထဲသို့ ပြန်လည်ဝင်ရောက်ကြရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန် ချက်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံရေးသမားအမည်ခံ ပြီး  တိုင်းပြည်ဖျက်ဆီးရေးကို     တစိုက်မတ်မတ် လုပ်ဆောင်နေကြသည့်သူများ၏   အသုံးချခံဖြစ်နေ သည့် လူငယ်များကို ပြည်သူ့ဘဝထဲ ဝင်ရောက်ကြရန် ကြိုဆိုပေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်     အဖွဲ့ဝင်များအားလုံးကိုလည်း မိမိတို့သူရိယနေဝန်းမီဒီယာမှ အထူးပင်ကျေးဇူးတင်ရှိ ကြောင်း၊       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ယခုလိုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို   အစွမ်းကုန်    ကြိုးပမ်းဆောင်ရွက်သော်လည်း တစ်ဖက်တွင် DKBA  စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီး စောစတီး ပြောသလို စစ်တိုက်စားနေသည့် လူတန်း စားတစ်စုပေါ်ပေါက်လာပြီး    စစ်တိုက်စားရသည့် အရသာကို   ကောင်းကောင်းကြီးတွေ့နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မလာနိုင်သေးသည့် ထိုအဖွဲ့တချို့သည် စစ်တိုက်စားရသည့်  အရသာကို တွေ့ပြီး      လက်နက်ချအလင်းဝင်ရန်မဆိုထားနှင့် မိမိဒေသတွင် ယခုထက်ပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်များ   ပိုမိုရရှိနိုင်သည်ကိုသိပါလျက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို  တက်ရောက်မလာကြ သေးကြောင်း၊    PDF  အဖွဲ့အစည်းများကလည်း လက်နက်ကိုင်ပြီး      အကြမ်းဖက်သည့်အရသာ၊ ဆက်ကြေးကောက်ရသည့်အရသာ၊    ဓားပြတိုက် ခြိမ်းခြောက်ရသည့်အရသာကို ကောင်းကောင်းကြီး တွေ့နေကြပြီးဖြစ်ကြောင်း၊   RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောသလို    PDF များက ကြာလာလျှင်    ဓားပြဂိုဏ်းများဖြစ်လာနိုင်သည့် အတွက် ခေတ်သစ်(ဗကပ)ဖြစ်သည့် PDF နှင့် အခြား အမည်ခံအဖွဲ့အမျိုးမျိုးကို လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝ ပြန်လည်ဝင်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်       အချိန်အတိုင်းအတာ ကန့်သတ်ချက်များရှိပါသလား၊     အချိန်အတိုင်း အတာကျော်လွန်သွားသည့်အချိန်ဖြစ်ပါက မည်သို့ နှိမ်နင်းမှုမျိုး ပြုလုပ်မည်ဆိုသည်ကို  သိလိုပါကြောင်း မေးမြန်းသည်။ 

 EAO များနှင့်  PDF အဖွဲ့များ၏ ကွာခြားချက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက  EAO များနှင့်  PDF အဖွဲ့များ၏ ကွာခြားချက်ကိုလည်း  မိမိတို့ပြောပြီး ဖြစ်ကြောင်း၊ တချို့ EAO အဖွဲ့များသည် နှစ်ပေါင်း များစွာက ပေါ်ပေါက်ခဲ့သည့်အဖွဲ့ရှိသလို တချို့ EAO အဖွဲ့များအနေဖြင့် ၂၀၁၇ ခုနှစ်မှ ပေါ်ပေါက်လာသည့် အဖွဲ့များရှိကြောင်း၊ တော်တော်များများက ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများအရေး၊  ၎င်းတို့ဒေသအရေး ကို တောင်းဆိုရင်း   EAO ဖြစ်လာသည့်အဖွဲ့များ လည်းရှိကြောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာသည့် EAO များလည်းရှိကြောင်း၊ EAO အဖွဲ့ များ၏    လက်နက်ကိုင်ဆောင်ရွက်နေခြင်းသည် ထိုအရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ PDF အဖွဲ့များ၏ လက်နက်ကိုင်ဆောင်ရွက်နေခြင်း သည် ၎င်းတို့နှင့်တခြားစီဖြစ်နေကြောင်း၊  မိမိတို့ ပြောခဲ့သည့်   မဲမသမာမှုကြောင့်ဖြစ်သည့်အတွက် မဲမသမာမှုများရှင်းလင်းပေးရန် အကြိမ်ကြိမ် အချိန် များစွာတောင်းဆိုခဲ့ကြောင်း၊   လူသိရှင်ကြားပြောခဲ့ ကြောင်း၊ ယင်းကိစ္စများကို  လုပ်ဆောင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားသည့်လူများက လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊  EAO များက ရည်မှန်းတိုက်ခိုက် ခြင်းသည် အစိုးရကိုတိုက်ခိုက်ခြင်းဖြစ်ပြီး  ၎င်းတို့ ၏  ဒေသအကျိုးနှင့်ပတ်သက်ပြီး    အစိုးရကို တောင်းဆိုရာတွင်  မရသည့်အတွက်    အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊   PDF များ၏လှုပ်ရှားမှု သည် EAO များနှင့်မတူဘဲ အစိုးရကို တိုက်ခိုက်ခြင်း ထက် ပြည်သူလူထုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မှန်/မမှန် သေချာစဉ်းစားစေလိုကြောင်း၊ EAO များက စာသင်နေသည့် ကလေးများကို ဝင်ပြီးပစ်သွားသည့် ဖြစ်စဉ်မျိုးရှိပါသလား၊ EAO များသည် အစိုးရတပ်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ တချို့လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ကြောင်း၊ မည်သည့်အတွက် ကြောင့် တိုက်ခိုက်သလဲဆိုလျှင် ၎င်းတို့၏ဒေသနှင့် လူမျိုးစု၏အကျိုးကို တောင်းဆို၍မရသည့်အတွက် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း။

လမ်းမှားရောက်နေသည့်သူများကိုသာ ဖိတ်ခေါ်

 PDF အများစု လုပ်ဆောင်နေခြင်းသည် ပြည်သူ လူထုကို ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခြင်းခံရသည့်လူသည်  ဒလန် ဟုတ်/မဟုတ်  မသိဘဲ မကျေနပ်သည့်အတွက်သတ်ကြောင်း၊ NLD  ပါတီအဖွဲ့ဝင်အချင်းချင်းသာမက ယခင်က  ၎င်းတို့ကို အားပေးနေသည့်  အချင်းချင်းကိုပင် သတ်ဖြတ်ကြ ကြောင်း၊ ထို့ပြင် ဘုန်းကြီးများကိုလည်း သတ်ဖြတ် ကြကြောင်း၊ မည်သည့် EAO အဖွဲ့ကမှ ဘုန်းကြီး များနှင့်ပတ်သက်ပြီး      သတ်ဖြတ်ခြင်းရှိပါသလား၊ တော်တော်ရှားပါးသည့်           ဖြစ်စဉ်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတိုက်ခိုက်ကြောင်း၊   ယခင် ကိုဗစ်ကာလဖြစ်ချိန်တွင်   ဆေးရုံများကိုတိုက်ခိုက် ကြောင်း၊ မည်သည့် EAO အဖွဲ့မှ ထိုသို့မလုပ်ကြောင်း၊ PDF များက ပြည်သူလူထုပိုင်သည့်အဆောက်အအုံများနှင့် ပြည်သူလူထုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ဆရာ ဆရာမများကို တိုက်ခိုက် ပြီး သတ်ဖြတ်ကြောင်း၊   PDF အဖွဲ့များထဲတွင် ရောက်နေသည့်လူများကို သိစေလိုကြောင်း၊ ၎င်းတို့ ကို ကြိုးကိုင်ပြီး  လုပ်ဆောင်ခြင်းသည်    ၎င်းတို့ လုပ်ရပ်မှန်/မမှန် သိစေလိုကြောင်း၊  PDF၊ NUG၊ CRPH အမည်ခံအဖွဲ့များနှင့်  ဆွေးနွေးခြင်းမဟုတ် ကြောင်း၊ ထိုအထဲတွင် လမ်းမှားရောက်နေသည့်သူ များ၊ မသိလိုက်မသိဘာသာ    ကျူးလွန်နေသူများကို မိမိတို့ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့များ နှင့်မတူကြောင်း၊  EAO အဖွဲ့များကို ဖိတ်ခေါ်ခြင်းသည် ဥက္ကဋ္ဌကိုယ်တိုင်၊ EAO အဖွဲ့အစည်းတစ်ရပ်လုံးကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊  PDF အဖွဲ့များနှင့် EAO အဖွဲ့များက ဖြစ်တည်မှုချင်း၊ ရပ်တည်မှုချင်း မတူ ကြောင်း၊ သေချာပြန်စဉ်းစားကြည့်လျှင် မည်သူတို့ကို တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ PDF အဖွဲ့များသည်  ပြည်သူလူထုကို တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း၊  ထို့ကြောင့်  ၎င်းတို့အထဲတွင် လမ်းမှားရောက်နေသည့်သူများကိုသာ ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း။

ဝင်ရောက်လာနိုင်သည့်အချိန်ထိ လက်ခံသွားမည်

 ယနေ့ဆိုလျှင် ၃၈ ဦး ဝင်ရောက်လာကြောင်း၊ ကျန်သည့်သူများ၊ PDF ထဲရောက်နေသည့် လမ်းမှား ရောက်နေသည့်သူများလည်း     ဝင်ရောက်လာရန်   ဆက်သွယ်နေခြင်းများလည်းရှိကြောင်း၊ တစ်ဆက် တည်း   သတိပေးလိုသည်မှာ    ၎င်းအဖွဲ့များကို အားပေးအားမြှောက်လုပ်နေသည့် တချို့သော EAO အဖွဲ့အစည်းများရှိကြောင်း၊  ယင်း EAO အဖွဲ့အစည်း များထဲ၌     ထိုအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိကြောင်း၊ ထို့ကြောင့် ယခင် ကတည်းက တည်ရှိခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့်     PDF အဖွဲ့အစည်းများ ရပ်တည်ချက်လုပ်ဆောင်မှုချင်း    မတူညီကြောင်း၊ နိုင်ငံပေါ်တွင်ဖြစ်စေ၊ မိမိတို့၏ဒေသပေါ်တွင်ဖြစ်စေထားရှိသည့်ခံယူချက်ချင်းလည်း မတူကြောင်း၊ ယင်း မတူညီမှုများကို အားပေးအားမြှောက်ပြုခြင်းသည် ထို EAO အဖွဲ့များထဲတွင်၊   ၎င်းတို့ကြားထဲတွင် ကူးစက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့လက်ခံသွား မည်မှာ PDF အမည်ခံအဖွဲ့များ၊ လမ်းမှားရောက်နေ သည့် အဖွဲ့များကိုလည်း သားသမီးချင်း  ကိုယ်ချင်း စာနာကြောင်း၊ တောင်းဆိုမှုများရှိသည့်အတွက် တတ်နိုင်သမျှ     ဝင်ရောက်လာနိုင်သည့်အချိန်ထိ လက်ခံသွားမည်ဖြစ်ကြောင်း၊  တချို့သောသတင်း များလည်း ကြားသိနေရကြောင်း၊ အလင်းဝင်ချင်သော် လည်း ခြိမ်းခြောက်မှုများခံရကြောင်း၊ ထွက်မလာ နိုင်ဘူးဆိုသည့် သတင်းများလည်း ကြားနေရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်  သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများကလည်း  တတ်နိုင်သမျှ အတတ်နိုင် ဆုံး အလျှို့ဝှက်ဆုံး၊ လုံခြုံမှုအရှိဆုံးဖြစ်ရန် အစွမ်း ကုန် ကူညီဆောင်ရွက်ပေးသွားမည်ဟု မိမိပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်း      သတင်းအေဂျင်စီမှ ဦးဝင်းနိုင်က လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် လက်ရှိကားခဈေးနှုန်းများအဆမတန် မြင့်တက်နေ ပြီး  ခရီးသွားအခြေခံလူတန်းစား   မိဘပြည်သူများ ခရီးစရိတ်သက်သာသော မြန်မာ့မီးရထားကို အားကိုး အားထားပြုပြီး  သွားလာနေခြင်းကို    တွေ့မြင်ရ ကြောင်း၊ မြန်မာ့မီးရထားပြေးဆွဲနေမှုများကလည်း ယခင်က  ရန်ကုန်-မန္တလေး  အမြန်ရထားသုံးစင်း အစုန်/အဆန်ပြေးဆွဲနေရာက ယခုအချိန် အမြန် ရထားတစ်စင်းသာ အစုန်/အဆန် ပြေးဆွဲနေခြင်းသာ ရှိပြီး တချို့နေရာများ၌ နေ့စဉ်ပြေးဆွဲနေမှုများမရှိဘဲ ယာယီဖျက်သိမ်းထားခြင်းကြောင့်   ခရီးသွားမိဘ ပြည်သူများအနေဖြင့်  ခရီးအဆင်မပြေမှုများရှိသည် ကိုကြားသိခဲ့ရကြောင်း၊  ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့်  မြန်မာ့မီးရထား ခရီးသွားအခြေခံလူတန်းစားမိဘပြည်သူများ ခရီး သွားလာမှုအဆင်ပြေချောမွေ့စေရန်   မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

လုံခြုံရေးအရ ပြေးဆွဲနိုင်ခြင်းမရှိသေး

ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့ရထားလမ်းပိုင်း များ မပြေးဆွဲနိုင်သေးသည်မှာလည်း ယခုအချိန်ထိ ရှိနေသေးကြောင်း၊ မိုင်းထောင်၊  မိုင်းခွဲတိုက်ခိုက်ခံ ရခြင်းကြောင့်  လုံခြုံရေးအရ ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း၊ ယခုလောလောဆယ်အချိန်တွင် မိမိတို့က လမ်းပိုင်းအသီးသီး၌ ခရီးဝေးရထား ၂၈ စင်းပြေးဆွဲ နေခြင်းဖြစ်ကြောင်း၊    ရန်ကုန်မြို့ပတ် ၂၂ စင်း၊ စုစုပေါင်း ၅၀ ပြေးဆွဲလျက်ရှိကြောင်း၊   ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်           ယခုလက်ရှိရထား ခြောက်စင်း ပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသွား များ   အခက်အခဲများရှိခြင်းကို  သိရှိထားကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မကြာမီလပိုင်း ခန့်တွင် အစုန်/အဆန်ရထားနှစ်စင်း ထပ်မံပြေးဆွဲ ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊  ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ယခု နှစ်စင်းပြေးဆွဲလျက်ရှိ ကြောင်း၊  ထပ်မံ၍   ထပ်တိုးနှစ်စင်း   ပြေးဆွဲရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပြည် လမ်းတွင် ခြောက်စင်းပြေးဆွဲလျက်ရှိပြီး ထပ်မံပြီး နှစ်စင်း ပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရန်ကုန်က လူဦးရေထူထပ်သောကြောင့် လက်ရှိ မြို့ပတ်ရထား ၂၂ စင်းပြေးဆွဲလျက်ရှိကြောင်း၊ နောက်ထပ်လေးစင်း ထပ်မံပြေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ရထားများက ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် တစ်ရက်ကို လေးစင်း အခြေခံလူသုံးကုန်၊   စားသောက်ကုန်တင်သည့်ရထားများက   နှစ်စင်း၊   ကွန်တိန်နာအထူးရထားလေးစင်း     ပြေးဆွဲလျက် ရှိကြောင်း၊  ရန်ကုန်-မော်လမြိုင်         ရထားလမ်းပိုင်းတွင်  ကျောက်ရထားနှစ်စင်း  စုစုပေါင်းရှစ်စင်း    ပြေးဆွဲ လျက်ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ လူထုကို မိမိအသိပေးပြောကြားလိုသည်မှာ  ပို့ဆောင် ရေးဝန်ကြီးဌာနအနေဖြင့် ရထားလမ်းများ၊ ရထားတွဲ များ    အဆင့်မြှင့်တင်ရေး    ဆောင်ရွက်လျက်ရှိ ကြောင်း၊    နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း   ရထားလမ်းပိုင်းများ မြှင့်တင်ရေး၊ ရထားလမ်းပိုင်းများပြေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး မကြာခဏစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး       အထူးစိတ်ပါဝင်စားမှု ရှိကြောင်း၊ ပြည်သူလူထု လိုအပ်ချက်များရှိလာလျှင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ပတ်သက်ပြီး     ပြည်သူ လူထု၏    လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးကိုလည်း  အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊  လိုအပ်ချက် များရှိလျှင်လည်း ယခုကဲ့သို့အသိပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း   သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်   အမြန်ဆုံးဖြစ်အောင်    ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။  

Weekly Eleven  မီဒီယာမှ    အယ်ဒီတာချုပ် ဒေါက်တာမင်းလွင်က    မိမိမေးမည့်မေးခွန်းနှင့် ပတ်သက်ပြီး အချက်အလက်တချို့ချပြရန်   အချိန် မရှိသည့်အတွက်    စာရွက်ပေးခဲ့မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး        အမှုများစွာ ရှိကြောင်း၊   ထိုအမှုများထဲတွင်  YBS  ကိစ္စဆိုလျှင် ၎င်းအောက်က ဝန်ကြီးများနှင့် ဝန်ထမ်းများ အရေး ယူခံရကြောင်း၊ တာဝန်ရှိအဆုံးဖြစ်သည့် ၎င်းကို  အရေး ယူခံရသည်ကို မတွေ့ရ‌ကြောင်း၊ ယခင်က   ဦးဖြိုးမင်း သိန်းကြောင့်   နိုင်ငံတော်နစ်နာဆုံးရှုံးမှု    ခန့်မှန်း တွက်ချက်မှုအရဆိုလျှင် ကျပ်ဘီလီယံထောင်ချီရှိနိုင် ကြောင်း၊    တခြားတိုင်းဒေသကြီးဝန်ကြီးချုပ်များ ကြောင့်   နိုင်ငံတော်ထိခိုက်နစ်နာမှုသည်    ဘီလီယံ တစ်ရာခန့်သာရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အပေါ်     စွဲဆိုထားမှုအရဆိုလျှင် အဂတိလိုက်စားမှုကြောင့်    နိုင်ငံတော်နစ်နာဆုံးရှုံးမှု တန်ဖိုးသည် ကျပ်ငွေလေးဘီလီယံကျော်ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် NLD အစိုးရလက်ထက်က အဖွဲ့ဝင်များထဲတွင် ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုတန်ဖိုးက အများဆုံးဖြစ်သည်ဟု ယူဆ ရကြောင်း၊ သို့သော် အရေးယူသည့်အခါ ၎င်းသည် ကွက်ကျန်နေခဲ့ပြီး ကျန်ရှိသည့်သူများကို  အရေးယူ သည်ကို Political Motivated ဖြစ်နေမလားဟု မေးခွန်း ထုတ်လိုကြောင်း၊ ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ် မဖြစ်ခင်က မောင်ထော်လေးလမ်းက တိုက်ခန်း၌နေ ကြောင်း၊ ၎င်း၏အမျိုးသမီးသည်  ရွှေဆိုင်ခပ်သေးသေး သာပိုင်ကြောင်း၊  


၎င်းဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်း စုကြည်ကို ရွှေခုနစ်ပိဿာနှင့် ဒေါ်လာ ခြောက်သိန်းဖိုး ခန့်အထိ  ပေးနိုင်လောက်အောင်  ချမ်းသာသွားခဲ့ ကြောင်း၊   ၎င်း၏ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများရှိပါသလားသိလိုကြောင်း၊    အဂတိ လိုက်စားမှုတိုက်ဖျက်ရေး       ကော်မရှင်အနေဖြင့် ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သည့်  အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများအားလုံးကို အချိန်အကန့်အသတ်နှင့် စုံစမ်းစစ်ဆေးရန်အစီအစဉ် ရှိ၊ မရှိနှင့် စုံစမ်းစစ်ဆေး မှုလုပ်မည်ဆိုလျှင် ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

တရားမျှတစွာ ဆုံးဖြတ်သွားလိမ့်မည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး မေးသည့်ကိစ္စနှင့်ပတ်သက်၍      ယခင်သတင်းစာ ရှင်းလင်းပွဲတွင်လည်း မိမိအနေဖြင့် တစ်စွန်းတစ်စ ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊  တချို့သောအမှုကိစ္စများ တွင်    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် စစ်ဆေးမှုများလည်းရှိကြောင်း၊  စစ်ဆေးရာ တွင် မူလကိစ္စကို စစ်ဆေးခြင်းနှင့် ဆက်စပ်မှုများကို စစ်ဆေးခြင်းလည်းရှိကြောင်း၊   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့်တွေ့ရှိမှုများ၊ ရရှိ ချက်များတွင်       မည်သည့်အကြောင်းအရာကိုမျှ ကွယ်ဝှက်ထားစရာအကြောင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တင်ပြချက်များ၊ တွေ့ရှိ ချက်များအပေါ်တွင်   မူတည်၍   တရားမျှတစွာ ဆုံးဖြတ်သွားလိမ့်မည်ဟုသာ ပြောလိုကြောင်း၊ ထိုကိစ္စ နှင့်ပတ်သက်၍    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ဖြေကြား ပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားမည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည်   မြန်မာနိုင်ငံက   ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention ကို ၂၀၀၅ ခုနှစ်တွင် လက်မှတ်ထိုးဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးဝင်ရောက် ခဲ့ကြောင်း၊  ၂၀၁၃ ခုနှစ်တွင်   ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး Convention ၏ ပြဋ္ဌာန်း ချက်များကို မူတည်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကိုရေးဆွဲခဲ့ကြောင်း၊    ထိုသို့ရေးဆွဲပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဥပဒေ တွင်ပါသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အပ်နှင်းပြီး ယင်းကော်မရှင်ကိုဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည့်ရည်ရွယ်ချက်သည်    ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention တွင် ပါသည့်   ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ        အစိုးရအဆက်ဆက်ကော်မရှင်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်စေရန်ဦးတည်၍    ဆောင်ရွက်လျက်ရှိ ကြောင်း၊ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးအရ အငြိုးထားပြီး ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ ပေးပို့သည့်တိုင်ကြားစာပေါ်တွင်မူတည်ပြီး တိုင်ကြားစာအရ စုံစမ်းစစ်ဆေး ရေး    အဖွဲ့ဖွဲ့ပြီးစစ်ဆေးပါကြောင်း၊   စစ်ဆေး ပေါ်ပေါက်ချက်အရ    တရားစွဲတင်သည့်ကိစ္စရပ်များ ဆောင်ရွက်ပါကြောင်း၊  ယခင်ကလည်း   ယင်းစနစ် အတိုင်းဖြစ်ပြီး  နောင်တွင်လည်း  ဥပဒေပြဋ္ဌာန်းချက် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားသည်။

VOM သတင်းဌာနမှ သတင်းထောက်  ဦးမောင် မောင်ထွန်းက မြန်မာနိုင်ငံတွင် ဆန်လုပ်ငန်းရှင်များ အသင်း၊  ဆီလုပ်ငန်းရှင်များအသင်း   စသည်ဖြင့် အသင်းအဖွဲ့များရှိကြောင်း၊  အလားတူ   ရေသန့် လုပ်ငန်းရှင်များအသင်းဟူ၍လည်း   အသင်းအဖွဲ့ တစ်ခုရှိနေကြောင်း၊ အဆိုပါရေသန့်လုပ်ငန်းရှင်များအသင်းသည် တရားဝင်ဖွဲ့စည်းထားသည့် အသင်း ဟုတ်၊ မဟုတ်သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   အသင်းအဖွဲ့များ လျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနက    တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့် ရေသန့်လုပ်ငန်း ရှင်များအသင်းကို မိမိအနေဖြင့်  မတွေ့မိကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့  မေးမြန်းစေလိုကြောင်း  ပြန်လည် ဖြေကြားသည်။

Bloomberg Myanmar မှ   သတင်းထောက် ဒေါ်ပိုးသိင်္ဂီကျော်က  လက်ရှိတွင်    သွင်းကုန်အမည် တချို့တင်သွင်းရန် ယာယီပိတ်ပင်ထားသည့်အပြင် အချို့သွင်းကုန်ပါမစ်များကို ထုတ်ပေးရာတွင်လည်း ကြန့်ကြာမှုများရှိနေသည်ကို သွင်းကုန်လုပ်ငန်းရှင် များထံမှ သိရကြောင်း၊ အဆိုပါကိစ္စများနှင့်ပတ်သက် ၍ မည်သည့်အချိန်တွင်   ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။

ဇိမ်ခံပစ္စည်းများကဲ့သို့
ကုန်ပစ္စည်း တင်သွင်းမှုစိစစ်ကန့်သတ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက      မိမိတို့အနေဖြင့် ပစ္စည်းမှာယူတင်သွင်းမှုအခြေအနေနှင့်   ပတ်သက် ပြီး  လေကြောင်း၊  ရေကြောင်းများနှင့်    နယ်စပ် ကုန်သွယ်မှုစခန်းများမှ ကုန်သွယ်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်ပမှကုန်ပစ္စည်း တင်သွင်းမှု သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ် တွင်   ကုန်ပစ္စည်းတန်ဖိုးပေးချေရန်   လိုအပ်သည့် နိုင်ငံခြားသုံးငွေ     လဲလှယ်လွှဲပြောင်းခွင့်ရရှိရေး အတွက်  နိုင်ငံခြားသုံးငွေ   ကြီးကြပ်ရေးကော်မတီ အစည်းအဝေးသို့တင်ပြပြီး     ခွင့်ပြုချက်ရရှိပါက သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြား သုံးငွေကြီးကြပ်ရေးကော်မတီ    အစည်းအဝေးကို အပတ်စဉ်      အင်္ဂါနှင့်ကြာသပတေးနေ့များတွင် တစ်ပတ်လျှင်နှစ်ကြိမ်     ကျင်းပလျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲရန်လိုအပ်သည့်  ကုန်ပစ္စည်းများ ပြည်ပမှ  ဝယ်ယူတင်သွင်းမှုများတွင်    နိုင်ငံတော် အတွက် အခြေခံမရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း များအား   ဦးစားပေးစိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ အချို့သော ကုန်ပစ္စည်းများအား ကန့်သတ်ထားသည် များရှိကြောင်း၊ နိုင်ငံခြားသုံးငွေများကို နိုင်ငံတော်၏ လိုအပ်ချက်အတိုင်း   အပြည့်အဝသုံးစွဲနိုင်ရေးနှင့် နိုင်ငံခြားသုံးငွေမလိုအပ်ဘဲ    ပြည်ပသို့စီးထွက်မှု တားဆီးနိုင်ရေးအတွက် စနစ်တကျစိစစ်ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် အခြေခံမရှိမဖြစ် လိုအပ်ခြင်းမရှိသည့် ဇိမ်ခံပစ္စည်းများကဲ့သို့ ကုန်ပစ္စည်း တင်သွင်းမှုအား မိမိတို့အနေဖြင့် စိစစ်ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်သွယ်မှု   လွယ်ကူ ချောမွေ့စေရေးအတွက် တရုတ်နယ်စပ်တွင် ယွမ်နှင့် ကျပ်ငွေကြေး အသုံးပြုပြီး လုပ်ဆောင်ခြင်းများ၊ ထိုင်း၊ မြဝတီ၊ တာချီလိတ်ကုန်သွယ်ရေးစခန်းများတွင် ဘတ်နှင့် ကျပ်အသုံးပြုပြီး   ပို့ကုန်သွင်းကုန်လုပ်ငန်း များ  ဆောင်ရွက်ပေးနေသည့်အပြင်   ဗဟိုဘဏ် အနေဖြင့်လည်း ခွင့်ပြုပေးထားသည့် ငွေကြေးအမျိုး အစားအားလုံးနှင့်    ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေး    ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တစ်ဦးချင်းကားပါမစ်တင်သွင်းမှုများလည်း ကန့်သတ်ထား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ပင်လယ်ရေကြောင်း၊ လေကြောင်းတို့မှ ခွင့်ပြုထားသည့်အပြင်  နယ်စပ်စခန်းများမှလည်း တင်ပို့၊ တင်သွင်းမှုများခွင့်ပြုထားကြောင်း၊ ဧပြီ ၄ ရက်နေ့မှစတင်ပြီး ဗဟိုဘဏ်၏ အမိန့်ညွှန်ကြားချက် နှင့်အညီ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီမှ ဖွဲ့စည်း ပြီး ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ကော်မတီကိုတင်ပြရာ ကော်မတီမှစိစစ်ပြီး ခွင့်ပြု လျက်ရှိကြောင်း၊  ဇိမ်ခံပစ္စည်းများ၊    တစ်ဦးချင်း ကားပါမစ်များ စသည်ဖြင့်တင်သွင်းခွင့်မပြုသည့် အမည်များလည်းရှိကြောင်း၊  ယခင်ကတင်သွင်းခွင့် ပြုခဲ့သော်လည်း    လက်ရှိတွင်မြန်မာနိုင်ငံအတွက် ကားလုံလောက်မှုရှိခြင်းကြောင့်  လောလောဆယ် ယာယီအဖြစ် တစ်ဦးချင်းကားပါမစ်တင်သွင်းမှုများလည်း ကန့်သတ်ထားမှုများရှိကြောင်း၊ ထို့ကြောင့် ဇိမ်ခံပစ္စည်းများ၊ လိုအပ်သည့်အမည်များကို စိစစ် ကန့်သတ်ခွင့်ပြုပြီး ပြည်တွင်းအတွက်လိုအပ်သည့် စက်မှုကုန်ကြမ်း၊ စားသောက်ကုန်ကြမ်း၊ ပြည်တွင်း တွင်ထုတ်လုပ်မည့် စက်ရုံ၊ အလုပ်ရုံအတွက် လိုအပ် သည့် ကုန်ကြမ်းပစ္စည်းများကို   ဦးစားပေးတင်သွင်း လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးနိုင်ငံဖြစ်သည့်အတွက်    လယ်ယာထုတ်ကုန် ပစ္စည်း၊      မွေးမြူရေးပစ္စည်းနှင့်သက်ဆိုင်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစားအစာ၊ ဆေးဝါးစသည့်အမည်များကို ဦးစားပေးပြီးတင်သွင်း ခွင့်ပြုပေးထားကြောင်း၊ ဇိမ်ခံပစ္စည်းတင်သွင်းမှုအား နောက်ဆုံးအဆင့်တွင်သာ    တင်သွင်းခွင့်ပြုထား ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး     နိုင်ငံခြားငွေ ဒေါ်လာဈေးနှုန်းကြီးမြင့်မှုမရှိစေရန်     ထိန်းညှိပြီး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း၊ လက်ရှိ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်း ဖြင့် လက်ရှိ Export လုပ်ကိုင်သည့်     ကုန်သည်လုပ်ငန်းရှင်များအား ပြန်လည်ထုတ်ပေးလျက်ရှိသကဲ့သို့ ပြည်ပမှ တင်သွင်း မည့်သူများအတွက်လည်း လိုင်စင်ချပေးမှုနှင့်အတူ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး ခွင့်ပြုပေးလျက်ရှိကြောင်းဖြင့် ဖြည့်စွက်ပြောကြား သည်။

Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ   ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ  အာဏာထိန်းခဲ့ကြောင်း၊  သို့သော် ဥပဒေကိုမလိုက်နာဘဲ          အကြမ်းဖက်သူများ၏ လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လူမှုဘဝအေးချမ်းသာယာရေးတို့ကို စီမံဆောင်ရွက်ရာတွင်  လိုသလောက် ခရီးမပေါက် သေးဟု မိမိအနေဖြင့် မြင်မိကြောင်း၊ အချို့နေရာ များတွင် အတော်ဆိုးရွားနေသည်ဟုထင်မိကြောင်း၊ အနုပညာရှင်များ၊ (ပုဒ်မ-၅၀၅) ဖြင့်တရားစွဲဆိုခြင်း ခံရထားသူများ၊ တောအတွင်းသို့ရောက်ရှိနေသူများကို  နိုင်ငံတော်မှ   ပြန်လည်ခေါ်ယူမှုများရှိနေသော် လည်း Myanmar Idol အဆိုတော်ဇင်ကြီး အသတ် ခံရကြောင်း၊  အလားတူ   သရုပ်ဆောင်ယဉ်လတ်၏ နေအိမ်အား ဒုတိယအကြိမ် ဗုံးထောင်ခြင်းခံခဲ့ရသည် ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားများက အနုပညာသမားများဘက်သို့ ဦးတည်လုပ်ဆောင်လာ သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အဆိုပါအနုပညာ ရှင်များကို နိုင်ငံတော်မှ မည်သို့ကာကွယ်ပေးမည်ကို သိလိုကြောင်းနှင့် လက်ရှိပုံစံဖြင့်  ဆက်သွားနေမည်ဆိုပါက   မိမိတို့ မျှော်မှန်းထားသည့်ပန်းတိုင်မှာ   ဝေးနေဦးမည်ဖြစ် ကြောင်း၊ ဥပဒေဘောင်အတွင်းတွင် အေးချမ်းသာယာ စွာ  နေထိုင်လိုသောသူများ၊ တပ်မတော်ကို  လေးစား ချစ်ခင်အားကိုးယုံကြည်ကြသည့်   ရဟန်းသံဃာ၊ ပြည်သူများကို  ထောက်ထားညှာတာပြီး     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့်  အချိန်ကာလတစ်ခုအနေဖြင့်    ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကို   မျက်ကွယ်ပြုကျော်လွန်ပြီး ငြိမ်ဝပ် ပိပြားသာယာအေးချမ်းသည်အထိ ပြုလုပ်ပေးနိုင်ရန်  အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အနုပညာရှင်များသည် အများအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် နေထိုင်သူများပြားကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်   တပ်မတော်၊  နယ်မြေခံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း၊   ဝပ်ကင်းများဖြင့်          လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ အများသူငါသွားလာနေ သည့်  မသင်္ကာဖွယ်နေရာများကို     ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ    ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် အနုပညာရှင်များနှင့် ဆက်စပ် သည့်နေရာများတွင်လည်း   လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အနုပညာရှင်များအနေဖြင့် မိမိတို့ အား အသက်အန္တရာယ်ခြိမ်းခြောက်မှုများပြုလာပါ က  သာမန်ဆက်သွယ်မှု လမ်းကြောင်းအပြင်   အခြား ဆက်သွယ်မှုလမ်းကြောင်းများကိုပါ   ၎င်းတို့အား ပြောပြထားပြီးဖြစ်ကြောင်း၊ ယင်းအပြင်နေအိမ်များ၊ ဖြစ်နိုင်ခြေရှိသည့်နေရာများကိုလည်း     လုံခြုံရေး အင်အားထပ်မံတိုးမြှင့်ထားကြောင်း၊ သတင်းထောက် ကြီး ထပ်မံမေးမြန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကျော်လွန်ပြီး       ယခုလောလောဆယ် လုပ်ဆောင်စရာမရှိကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ လုပ်ဆောင်မည် ဟု ပြောကြားထားပြီးဖြစ်ကြောင်း၊   လုံခြုံရေးနှင့် ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို    ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍     Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ပခန်းကြီးရဲစခန်း မှူးနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းမြင့်ဆွေ တို့ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ပြည်သူ လူထုအနေဖြင့်   နောက်ဆုံးအခြေအနေကိုသိလို သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေကြားပေးစေလို ကြောင်း မေးမြန်းသည်။  
ဗိုလ်ချုပ်ဇော်မင်းထွန်းက      အဆိုပါကိစ္စနှင့် ပတ်သက်၍  ဌာနတွင်းအရေးယူရန်    စုံစမ်းစစ်ဆေး ရေးခုံရုံးဖြင့် ဆောင်ရွက်လျက်ရှိရာ  ပြီးစီးပြီဟုသိရ  ကြောင်း၊ ကျန်ရှိသည့်အဆင့်ကို ဆက်လက်လုပ်ဆောင် ရန်ကျန်ရှိမည်ဖြစ်ကြောင်း     ပြန်လည်ဖြေကြား
သည်။     
                    
(ဆက်လက်ဖော်ပြပါမည်)