ထိုင်း   ဇန်နဝါရီ   ၂၂

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ  ၂၆  ရက်အထိ ထိုင်းနိုင်ငံ၌   အိမ်ရှင်အဖြစ်   လက်ခံကျင်းပလျက်ရှိ သည့်   (၁၃)ကြိမ်မြောက်    အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့တို့ရှိ  အားကစား ကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာအသင်းအနေဖြင့် မျက်မမြင်စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊  (၇)ယောက်တစ်ဖက် ဘောလုံး၊ ဘိုစီယာနှင့် ဘိုးလင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက် ၉  နာရီမှစတင်၍  ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ (S3)S4 အမျိုးသား  မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ညီညီလင်းထက်က စံချိန် ၃ မိနစ် ၃၆.၃၁ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု၊ ဖိလစ်ပိုင်နိုင်ငံက စံချိန် ၃ မိနစ် ၄၄.၅၀ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုနှင့် အင်ဒိုနီးရှားနိုင်ငံက စံချိန် ၃ မိနစ် ၅၄.၆၂ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ S6 အမျိုးသား မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် အောင်မြင့်မြတ်က စံချိန်   ၂  မိနစ် ၄၉.၄၇ စက္ကန့်ဖြင့်   ကြေးတံဆိပ်ဆု၊ ဖိလစ်ပိုင်နိုင်ငံက  စံချိန် ၂ မိနစ် ၃၇.၂၁ စက္ကန့်ဖြင့် ရွှေတံဆိပ် ဆု၊ ဗီယက်နမ်နိုင်ငံက စံချိန် ၂ မိနစ် ၄၈.၂၇ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုကိုလည်းကောင်း  အသီးသီးဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများအား Asean Para Sports Federation(APSF) ဥက္ကဋ္ဌ Board of Governor(BoG) အတွင်းရေးမှူးနှင့်   မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲချုပ်\ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်   တာဝန်ရှိသူများက   ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ထိုင်လျက်ဘော်လီဘောအားကစားနည်း အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ကို ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက သုံးပွဲပြတ် ဖြင့် လည်းကောင်း၊ (၇) ယောက်တစ်ဖက် ဘောလုံးအားကစားနည်း  အုပ်စုပတ်လည်ပွဲစဉ်တွင်  မြန်မာအသင်းက မလေးရှားအသင်းကို  လေးဂိုး  တစ်ဂိုးဖြင့် လည်းကောင်း၊ ဂိုးလ်ဘောအားကစားနည်း အမျိုးသားအသင်း အုပ်စုပတ်လည်ပွဲစဉ်တွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၁၅  ဂိုး  ၁၀  ဂိုးဖြင့် လည်းကောင်း၊ ဘိုစီယာအားကစားနည်း BC1 အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မင်းမင်းထိုက်က ဖိလစ်ပိုင်ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး စားပွဲတင် တင်းနစ် Class – 7 အမျိုးအစား ဆီမီးဖိုင်နယ်ပြိုင်ပွဲပွဲစဉ်၌ တိုးတက်အောင်က ထိုင်းနိုင်ငံမှ အားကစားသမားကို ရှုံးနိမ့်ခဲ့သည်။

ယမန်နေ့ ညနေပိုင်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ 80th Birthday Anniversary Stadium ၌ ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်း T44, T64 အမျိုးသား မီတာ ၂၀၀  အပြေးပြိုင်ပွဲတွင်    မြန်မာနိုင်ငံမှ တပ်ကြပ်ကြီး စိုးပေက ရွှေတံဆိပ်ဆု၊ အောင်မြင့်ဌေးက ငွေတံဆိပ်ဆု၊ T44, T64   အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် တပ်ကြပ်ရဲမင်းစိုးက ငွေတံဆိပ်ဆု၊ F56 အမျိုးသား   သံလုံးပစ်ပြိုင်ပွဲတွင်   စည်သူထက်က ငွေတံဆိပ်ဆု၊ T44, T64 အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင်  လော်လာဝင်းက  ငွေတံဆိပ်ဆု၊ F44, F64 အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင်  တပ်ကြပ် ဇော်မင်းလွင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီးထပ်မံဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ရေကူးအမျိုးသား မီတာ ၂၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော  မင်းထူးသည်  အဆိုပါပွဲစဉ်တွင်  ရွှေတံဆိပ်ရရှိသောကစားသမားမှာ   Missed calssification ဖြစ်၍ ဆုပယ်ဖျက်ခြင်းခံရပြီး ငွေတံဆိပ်ဆုရရှိခဲ့သော မင်းထူးအား ရွှေတံဆိပ်ဆုကို ပြောင်းလဲချီးမြှင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံ     မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်  အဖွဲ့သည်    Nakhon Ratchasima Rajabhat University ၌ ကျင်းပလျက်ရှိသည့် (မျက်မမြင်)စစ်တုရင် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် မြန်မာနှင့် ဖိလစ်ပိုင်တို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ Central Korat Hall တွင် ကျင်းပလျက်ရှိသည့်   စားပွဲတင်တင်းနစ်(Men’ Single)   ကွာတားဖိုင်နယ်ပြိုင်ပွဲ  ပွဲစဉ်  မြန်မာနှင့် ဗီယက်နမ်တို့၏ ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ Vongchavalikul   University  ၌ ကျင်းပသည့် (မျက်မမြင်)ဂိုးလ်ဘောပြိုင်ပွဲ ပွဲစဉ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့၏  ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ ညနေပိုင်းတွင် စားပွဲတင်တင်းနစ်(Men’ Single) ဆီမီးဖိုင်နယ်ပြိုင်ပွဲပွဲစဉ် မြန်မာနှင့် ထိုင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ထိုင်လျက် ဘော်လီဘော အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ (၇)ယောက်တစ်ဖက် ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ (၇)ယောက်တစ်ဖက် ဘောလုံး၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်၊ အလေးမနှင့် ဘိုစီယာအားကစားနည်းတို့ကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

(၁၃)ကြိမ်မြောက်    အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ဇန်နဝါရီ ၂၂ ရက် ပြိုင်ပွဲများအပြီးတွင်  မြန်မာအသင်းအနေဖြင့်  ရွှေတံဆိပ် ခုနစ်ခု၊  ငွေတံဆိပ်ခြောက်ခုနှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၆ ခု ဆွတ်ခူးရရှိထားပြီး  နိုင်ငံအလိုက်  အဆင့်(၆)တွင်  ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်