နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု အဝင်အထွက်ဂိတ်များ (၈)ရက်ကြာ ယာယီပိတ်၊ အေးခဲသား တင်ပို့မှုကို ရက်အကန့်အသတ်မရှိပိတ်မည်ဟု သိရ

မူဆယ်  ၂   အောက်တိုဘာ

 

တရုတ်နိုင်ငံဘက်၌ စည်ကားသိုက်မြိုက်စွာ အစဉ်အလာကျင်းပပြုလုပ်လျက်ရှိသည့် တရုတ်ရိုးရာ မုန့်စားပွဲတော်ကာလဖြစ်သည့်အတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့တွင် ဌာနဆိုင်ရာရုံးများ၊ ကုန်စည်ဒိုင်များကို ယာယီပိတ်ထားပြီး မြန်မာ-တရုတ် ကုန်သွယ်စည်းဆင်းမှု အဝင်/အထွက်ဂိတ်များကိုလည်း အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ ယာယီပိတ်ထားလျက်ရှိသည်။

 

တရုတ်နိုင်ငံဘက်က (၈)ရက် ပိတ်တယ်ဆိုတာ သူတို့ ရိုးရာမုန့်စားပွဲတော်ကာလဖြစ်တဲ့အတွက် နှစ်တိုင်းပိတ်တဲ့လဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် သင်္ကြန်မှာ ပိတ်သလိုမျိုးပါပဲ။ ဒီကာလမှာ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကပို့ကုန်တွေကတော့ ဆန်၊ စကြဲ၊ သစ်သီးမျိုးစုံ၊ သကြားရည်၊ ပဲမျိုးစုံ၊ အေးခဲသား၊ အေးခဲငါးတွေ အဓိကတင်ပို့ပါတယ်။ သွင်းကုန်အနေနဲ့တော့ စိုက်ပျိုးရာသီဖြစ်တဲ့အတွက် ဓာတ်မြေဩဇာ၊ စက်ယန္တရား၊ ဆိုင်ကယ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောင်ပစ္စည်းတွေ တင်သွင်းတဲ့အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ အများဆုံး တင်ပို့လာတာကို လည်းတွေ့ရပါတယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း ဉက္ကဋ္ဌ ဦးစိုင်းနွံ့က နယ်စပ်ဂိတ်များ ယာယီပိတ်ထားရခြင်းအကြောင်းနှင့် လက်ရှိသွင်းကုန်/ပို့ကုန်အခြေအေနကို ပြောကြားသည်။

 

ယခင်နှစ်၌ တရုတ်နိုင်ငံ၊ ရိုးရာမုန့်စားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နှစ်နိုင်ငံကုန်သည် အချင်းချင်း ချစ်ခင်ရင်းနှီးမှုဖြင့် အလွတ်သဘောဖိတ်ခေါ်၍ သွားရောက်တွေ့ဆုံလည်ပတ်ခြင်း၊ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် ကာလဖြစ်သည့်အတွက် မူဆယ်မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များပြားသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် နှစ်နိုင်ငံ လူအဝင်/ အထွက်ဂိတ်များ ပိတ်ပင်ခြင်း၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)၌ ယာဉ်မောင်းလဲလှယ်ခြင်း စနစ်တို့ကြောင့် ယခင်နှစ်ကဲ့သို့ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၁ ရက်မှ စတင်ပိတ်ထားမည်ဟု ထုတ်ပြန်ထားသော်လည်း မူဆယ်မြို့၌ ကုန်သည်ယာဉ်များစုပြုံ၍ စောင့်ဆိုင်းနေခြင်းနှင့် (၈)ရက်ကြာ ယာယီပိတ်ထားမည် ဖြစ်သည့်အတွက် အောက်တိုဘာ ၁ ရက်တွင် ညနေ ၅ နာရီခန့်အထိ ကုန်တင်ယာဉ်များကို တရုတ် နိုင်ငံဘက်က နားလည်မှုဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။

 

အဆိုပါ မုန့်စားပွဲကာလ၌ ယခင်နှစ်များတွင် (၇)ရက်ခန့်သာ ယာယီပိတ်ထားသော်လည်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်အတွက် တစ်ရက်တိုး(၈)ရက်အထိ ယာယီပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

သန့်ဇင်(မူဆယ်)