ကျောက်ဆည်မြို့မှ အလှတရား (သို့မဟုတ်) ဖူးမြော်ကြစို့အတူတူ မဟာမြတ်လေးဆူ

ကျောက်ဆည် ၂၉ စက်တင်ဘာ

ကျောက်ဆည်မြို့သည် ဆင်မြို့တော်ဟုထင်ရှားပြီး ဖူးမြော်စရာ သမိုင်းဝင် စေတီပုထိုး များစွာရှိသော သမိုင်းဝင်မြို့ပင် ဖြစ်သည်။ ရွှေသာလျောင်းတောင်စောင်း၊ ကျားကြောင်အောင်း ဟူသော မှတ်တမ်းများနှင့်အတူ ယခုကာလတွင်တည်ထားသော စေတီတော်များအပါအဝင် စေတီပေါင်း သုံးရာနီးပါးရှိသော မြို့ပင်ဖြစ်သည်။

ရွှေသာလျောင်းတောင်တော်ပေါ်သို့ တောင်တက်ကားလမ်းမှတစ်ဆင့် ဘုရားဖူးသွားနိုင်သည့်အတွက် ကျောက်ဆည်ရောက် ဘုရားဖူးများ တောင်ပေါ်သို့ အရောက်သွားလေ့ရှိသည်။ တောင်ပေါ်ရောက်သည်နှင့် စိတ်အေးချမ်းမှုကိုခံစားရပြီး အေးငြိမ်းစွာ ဘုရားဖူးကြရသည်ဟု ဆိုကြသည်။ ဆယ်ဆူဘုရား၊ ရွှေမုဠော၊ ရွှေသာလျောင်း၊ မဟာမြတ်လေးဆူဘုရားများမှာ ကြည်ညိုဖွယ်ပင်ဖြစ်သည်။ မဟာမြတ်လေးဆူဘုရားမှာ အရပ်လေးမျက်နှာမှ ဖူးမြော်နိုင်သော ကြီးမားသည့် ရုပ်ပွားတော်များပင်ဖြစ်သည်။ ရုပ်ပွားတော်တစ်ဆူလျှင် အတောင် ၃၀ မြင့်မားသည်။

မဟာမြတ်လေးဆူဘုရားမှာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်များကို ရည်မှန်းပူဇော်ထားခြင်းပင် ဖြစ်သည်။ မဟာမြတ်လေးဆူ ဆုတောင်းပြည့်ဘုရားကြီးကို သာသနာနှစ် ၂၅၃၄-၂၅၃၅  ကောဇော ၁၃၅၂-၁၃၅၃၊  ခရစ်နှစ် ၁၉၉၀-၁၉၉၁ တွင် တည်ထားခဲ့ခြင်း ဖြစ်သည်။ ရုပ်ပွားတော်များမှာ အရပ်လေးမျက်နှာမှ ဖူးမြော်နိုင်ပြီး ထူးခြားထင်ရှားလှသည်။ ကကုသန်ဘုရားရုပ်ပွားတော်မှာ သန္တိဒမုဒြာ၊ လက်ျာလက်ငါးချောင်း အပေါ်ထောင်၍ ငြိမ်းချမ်းသာယာမှုပေးဟန်၊ မြတ်စွာဘုရားသည် သတ္တဝါအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကို ရရှိစေရန်အတွက် လက်တော်ဖြင့် သရုပ်ဖော်ထားသည့် ပုံတော်ပင်ဖြစ်သည်။

ကောဏဂုံဘုရားမှာ ဝိမှယဟတ္ထမုဒြာ ထူးကဲအံ့သြဖွယ်ဟန်၊ သတ္တဝါများအား တန်ခိုးကြီးခြင်း၊ အောင်မြင်ခြင်း  လူရှင်ရဟန်းတို့၏ ချီးမွမ်းထောပနာခြင်းကိုခံရခြင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်ကြောင်းဖြင့် (ဝိမှယတ္ထမုဒြာ)ဖြင့် ပေါ်လွင်စေသော ရုပ်ပွားတော်ပင်ဖြစ်သည်။ ကဿပဘုရားမှာ ဝရမုဒြာ ကောင်းချီးပေးဟန် မြတ်စွာဘုရားသည် သတ္တဝါအပေါင်းအား လိုအင်ဆန္ဒပြည့်စုံခြင်း၊ အရာရာအောင်မြင်ခြင်း စသည့်အကျိုးများ ရရှိစေနိုင်သည်ဟူသော အနေဖြင့်(ဝရမုဒြာ)ကို ထုဆစ်ပုံဖော်ထားခြင်းဖြစ်သည်။ ဂေါတမဘုရားရုပ်ပွားတော်မှာ မဟာကရုဏာမုဒြာ လက်ျာလက်ရင်၌ ကပ်ထား၍ သနားကြင်နာဟန် သတ္တဝါအားလုံးအား ရင်ဝယ်သားကဲ့သို့ ကြီးမြတ်လှစွာ မဟာကရုဏာ တော်ထားရှိကြောင်း သရုပ်ဖော်ထားခြင်းဖြစ်သည်။

ကျောက်ဆည်ရောက် ဘုရားဖူးများမှာ ရွှေသာလျောင်း တောင်ပေါ်တက် ကားလမ်းမှတစ်ဆင့် တောင်ပေါ်ဘုရားများစွာကို ဖူးမြော်ကြသည်။ ဘုရားဖူးရင်း ကျောက်ဆည်မြို့အလှတရားကို ကြည့်ရှုခံစားကာ ဖူးမြော်ကြစို့အတူတူ ကျောက်ဆည်မြို့မှ မဟာမြတ်လေးဆူအဖြစ် ထင်ရှားလျက်ရှိသည်။                     

တိမ်တမန်