မန္တလေး ၁၄ ဇွန်

 

စစ်ကိုင်းတောင်မြောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိသည့် ရှင်သီဝလိတောရကျောင်း ပရဝဏ်အတွင်း ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များအား မြန်မာမှုထွင်းထားသည့် ကျောက်စာ ဓမ္မစေတီ ၁၃၇၀ ဆူကို တည်ထားပူဇော်သွားမည်ဖြစ်ကြောင်း ရှင်သီဝလိတောရကျောင်း တာဝန်ခံ ဆရာတော်ထံမှ သိရသည်။

 

အဆိုပါ ဓမ္မစေတီများ တည်ဆောက်ပူဇော်ခြင်းကို ကန့်ဘလူမြို့နယ် ထန်းတပင်ဇီးကုန်းမှ ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တသုမန(ဦးစီးပဓာန)မှ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

“ဆရာတော်ဟာ ဘုရားရှင်ရဲ့သာသနာတော်ကို အရောင်တောက်ဖို့အတွက်၊ နောက်တစ်နည်း ပြောရမယ်ဆိုရင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားရဲ့ ကျေးဇူးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရေးသားမှုနဲ့လည်း ကျေးဇူးဆပ်နေတယ်၊ ဟောပြောမှုနဲ့လည်း ကျေးဇူးဆပ်နေတယ်၊ အားထုတ်မှုနဲ့လည်း ကျေးဇူးဆပ်တယ်၊ ဒီလောက်နဲ့တင် ဆရာတော်ဘုရားက အားမရတဲ့အတွက် အခုလို တန်ဖိုးသိပ်ကြီးမား တရားတော်တွေ မပျောက်ပျက်အောင်ဆိုပြီး ကမ္ဘာကပ်လုံးတည်နိုင်ပါစေချင်အကျိုးငှာ ကျောက်ထက် အက္ခရာတင်ပြီး ဘုရားကျေးဇူး၊ ဆရာ့ကျေးဇူးကို ဆပ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဓမ္မစေတီတွေကို တည်ထားပူဇော်ရခြင်းဖြစ်ပါတယ်။ ဓမ္မစေတီရဲ့ပုံစံမှာ အဘိဓမ္မာ ကတ်တွေကိန်းအောင်ရာဖြစ်တဲ့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားက နမူနာယူထားတယ်၊ စေတီတစ်ဆူမှာ ကျောက်စာတစ်ချပ် ပူဇော်ထားတယ်၊ ကျောက်စာတစ်ချပ်မှာ နှစ်မျက်နှာပါတယ်၊ ဒီမှာက လေးဘက်လေးတန်လုံးပတ်ပြီး တရားတော်တွေကို ဖတ်ပြီးနာကြားလိုက်မယ်ဆိုရင် မိမိတို့အတွက် မျှတတဲ့အနေအထားဖြစ်ဖို့ စေတီကို ဒီပုံစံမျိုးနဲ့ပူဇော်ထားတာ ဖြစ်ပါတယ်"ဟု ရှင်သီဝလိတောရကျောင်း၊ တာဝန်ခံ ဆရာတော်အရှင်ဉာဏိန္ဒက မိန့်ကြားတော်မူသည်။

 

ဓမ္မစေတီများကို ၂၀၁၆ သီတင်းကျွတ်လပြည့်ကျော်ကတည်းက တည်ဆောက်နေခြင်းဖြစ်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားပုဒ်ရေ ၁၃၇၀ ရှိသည့်အတွက် ၁၃၇၀ ဆူ တည်ထားပူဇော်သွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ရွှေဆေးသုတ်ခြင်းများ၊ ကျောက်စာများ မှန်ဘောင်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ၄၀၃ ဆူခန့် ပြီးစီးပြီဖြစ်ကြောင်းနှင့် အောက်ဆုံးတန်းအထိ ပြီးသွားမည်ဆိုပါက ၅၀၄ ဆူအထိ ပြီးဆုံးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကိုဗစ်ဆိုတဲ့ ကျန်းမာရေးအနေအထားကြောင့် နောက်ဆိုရင် လာရောက်ကြတဲ့ ဘုရားဖူးတွေ အားလုံးကို လက်မခံတော့ပါဘူး။ အထူးသဖြင့် စုံတွဲဆိုင်ကယ်တွေ ဓမ္မအရိပ်ကို နားမလည်တဲ့သူတွေကို ဝင်ခွင့်မပြုတော့ဘူး။ စိစစ်ပြီးတော့မှ လက်ခံသွားမှာ ဖြစ်ပါတယ်။ တရားဓမ္မတွေ ကြိုးစားချင်တဲ့ သူတွေအတွက်ကို နေရာထိုင်ခင်းတွေ စီစဉ်ပြီးတော့မှ တရားအားထုတ်ချင်ရင် အဆင်ပြေအောင် ကျန်းမာရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ရှင်သီဝလိတောရကျောင်း တာဝန်ခံ ဆရာတော်မှ ဆက်ပြီးမိန့်ကြားခဲ့သည်။

 

အဆိုပါ ဓမ္မစေတီအရွယ်အစားမှာ စေတီအောက်ခြေမှ ထီးတော်အထိ ပေ ၂၀ အမြင့်ရှိပြီး ထီးတော်အဝိုင်းမှာ ၁၀ ပေရှိကြောင်း၊ ဓမ္မစေတီများရှိ ကျောက်စာများကို ဒီဂျစ်တယ်စက်လုံးထွင်းစက်ဖြင့် ထွင်းထားခြင်းဖြစ်ကြောင်း၊ ကျောက်စာအမြင့် ၆ ပေခွဲ၊ အကျယ် ၃ ပေခွဲရှိပြီး အပေါ်တွင် ရွှေတိဂုံစေတီပုံစံတူကို ပူဇော်ထားကြောင်းနှင့် ဓမ္မစေတီတစ်ဆူလျှင် ကျပ်သိန်းခုနစ်ဆယ်ဖြင့်လည်း လှူဒါန်းပူဇော်နိုင်ကြောင်း သိရသည်။

 

ထိပ်ထားနိုင် (ပြန်/ဆက်)