နေပြည်တော် ၂၉  မေ

        

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့  တွင်  နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံနှင့်  သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတိုက်တို့တွင် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊  ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးနှင့် လူထုအခြေပြု ဗဟိုဌာနတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် နေပြည်တော် ပုံနှိပ်စက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ခေတ္တညွှန်ကြားရေးမှူးချုပ်က  ကိုဗစ် - ၁၉ ကာလ အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ကျောင်းသုံးစာအုပ်များ အချိန်မီ ပြီးစီးအောင် ပုံနှိပ်ဖြန့်ချိခဲ့မှု၊ စက်ရုံ၊ အလုပ်ရုံ   စစ်ဆေးရေးအဖွဲ့များက ပုံနှိပ်စက်ရုံများ လာရောက်စစ်ဆေးခဲ့မှု၊ စက်ရုံများ၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် စာကြည့်တိုက်တို့တွင်  ကိုဗစ် - ၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ စာပေဗိမာန်မှ ထုတ်ဝေလျက်ရှိသည့် စာအုပ်စာစောင်များတွင် ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ဖော်ပြခဲ့မှုများ၊   စာပေဆုများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု၊  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို  ဆွေးနွေးမှာကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုံနှိပ်စက်ရုံအတွင်း စက်ကြံ့ခိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်ဆောင်ရွက်နေမှု လုပ်ငန်းတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကြေးမုံသတင်းစာတိုက် ဘိုးဝဇီရခန်းမသို့ ရောက်ရှိရာ ခေတ္တ ဉီးဆောင်ညွှန်ကြားရေးမှူးက သတင်းစာတိုက်အလိုက် ဝန်ထမ်းများ  တာဝန် ထမ်းဆောင်မှု အခြေအနေ၊  ရန်ကုန်မြို့တွင် ဝန်ထမ်းများအား မော်တော်ယာဉ်များဖြင့် ကြို / ပို့ ဆောင်ရွက်ပေးမှု၊ သတင်းစာများ  ပို့ဆောင်ရာတွင် သတ်မှတ်ဝတ်စုံများ၊  Mask နှင့်  လက်အိတ်များ ဝတ်ဆင်၍  ပို့ဆောင်ဖြန့်ချိနေမှု၊ သတင်းစာတိုက်အလိုက် ကိုဗစ် - ၁၉ ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံပိုင်သတင်းစာများနှင့် Myanmar Digital News တို့တွင် ကိုဗစ် - ၁၉ နှင့် ပတ်သက်၍ နေ့စဉ်ဖော်ပြခဲ့မှုများ၊  ကိုဗစ် - ၁၉ စက်ရုံ၊ အလုပ်ရုံ စစ်ဆေးရေးအဖွဲ့များက သတင်းစာတိုက်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့မှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က  လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

         

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကြေးမုံသတင်းစာတိုက် စာတည်းခန်း၊ ပုံနှိပ်စက်ခန်းနှင့် မြန်မာ့အလင်း သတင်းစာတိုက် စာတည်းခန်းတို့ကို လည်းကောင်း၊  ဝန်ထမ်းအိမ်ရာတွင်  လေးခန်းတွဲ လေးထပ် အဆောက်အဉီ ဆောက်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။   

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရုံးနှင့် လူထုအခြေပြု ဗဟိုဌာနသို့ ရောက်ရှိပြီး ကိုဗစ် - ၁၉ ကာလတွင် စာကြည့်တိုက်အတွင်း Social Distancing ဖြင့် စာအုပ်များ ဌားရမ်းဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ကလေးစာဖတ်ခန်းနှင့် နံရံကပ်ပိုစတာများ ပြင်ဆင်ထားရှိမှုအားလည်းကောင်း၊ ကိုဗစ် - ၁၉  ကာလအလွန်တွင်  သင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးက  ယနေ့တွင် ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှု စစ်ဆေးစဉ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများသည် နည်းပညာများ အသုံးပြုလာပြီဖြစ်သည့်အတွက် ပြောင်းလဲလာသည့် နည်းပညာများကို မျက်ခြေမပြတ်စေရန်၊  မိမိတို့ ဝန်ထမ်းများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိသော်လည်း ဂရုပြုပြီး လုပ်ငန်းများ ပုံမှန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားရန်၊  စာပေဗိမာန် အရောင်းဆိုင်များသည် စာအုပ်စာပေကောင်း များစွာရရှိနိုင်သည့် နေရာတစ်ခု ဖြစ်သည်ကို ပြည်သူများ သိရှိစေရေး  ဆောင်ရွက်သွားစေရန်၊ စာကြည့်တိုက်များကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြင်ဆင်ဖွင့်လှစ် သွားရန်၊     မိမိတို့ သတင်းစာများကို  ဒစ်ဂျစ်တယ် သတင်းစာများ ဖြစ်‌အောင် အဆင့်မြှင့်တင် ကြိုးစား ဆောင်ရွက်သွားကြရန်  ဆွေးနွေးမှာကြားခဲ့သည်။  

 

သတင်းစဉ်