ထန်တလန်  ၂၉  မေ 

 

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် ဝက် ၁၈၇  ကောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ဝက်သေဆုံးမှု ရောဂါအခြေအနေနှင့်ပတ်သက်၍ ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ရောဂါတိတိကျကျ သိရှိနိုင်ရန်အတွက် ကျန်းမာရေးမကောင်းသည့် အိမ်မွေးဝက် (၃)ကောင်၏ သွေးနမူနာ (Blood Sample) များရယူပြီး မန္တလေး တိစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဝက်အားနည်းရောဂါသည် အိမ်မွေးဝက်နှင့် တောဝက်များတွင် အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစားခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများ ဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရကြောင်း၊ ၎င်းရောဂါသည် လူသို့ကူးစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာ ကူးစက်နိုင်သည့် ရောဂါဖြစ်ကြောင်း သိရသည်။

 

ဝက်အားနည်းရောဂါ ကာကွယ်နိုင်ရန်အတွက် ထိရောက်သော ရောဂါကုသဆေးမရှိခြင်း၊ ကာကွယ်ဆေးအနေဖြင့် လည်း ဗိုင်းရပ်စ်မျိုးကွဲတစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ခြင်း၊ မျိုးကွဲအသစ်ဝင်ရောက်လာပါက ကာကွယ်မှု မပေးနိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုကိုသာ လျော့ချရုံသာ စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် "ဇီဝလုံခြုံမှု" ကောင်းမွန်စွာ ဆောင်ရွက်သည့် မွေးမြူခြင်းဖြင့်သာ အထိရောက်ဆုံးကာကွယ်နည်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဝက်အားနည်းရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူရေးတိစ္ဆာန်များကို လုံခြုံသောခြံဝန်းဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်းအဝင်အထွက် ထိန်းချုပ်ခြင်း၊ သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း စသည့် အပိုင်း (၃)ပိုင်းဖြင့် အဓိကထား ဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလျန်ဘွေး က ပြောသည်။

 

ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးခြံများတွင် Bestaguam-s ပိုးသတ်ဆေး နေ့စဉ်ဖျန်းပေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဝက်အားနည်းရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး ပိုစတာများ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

 

ယောန(ပြန်/ဆက်)