တီးတိန်   ၂၅   မေ

 

ချင်းပြည်နယ်အစိုးရမှ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာအတွက် ထောက်ပံ့သည့်ဆန်အိတ်(၁၆၀) အားပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင့်ကမ်းလျန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးတို့က ယမန်နေ့က ကပ်တဲလ်ကျေးရွာသို့သွားရောက် ပေးပို့ခဲ့ကြောင်း သိရသည်။

 

လူမှုရေးဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံရာ လူမှုရေးဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ စနစ်တကျ လိုက်နာရန်၊ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်၊ Mask များ စနစ်တကျ တပ်ဆင်ကြရန် လမ်းညွှန်မှာကြားသည်။

 

11427

 

ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိုးဇတွောင်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်များ၊ ကျေးရွာ၏ လိုအပ်ချက်များနှင့် ကိုဗစ်-၁၉ ကြောင့် lock down ကာလအတွင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း လျက်ရှိသော အစိုးရနှင့်အလှူရှင်များ၊ အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လူမှုရေးဝန်ကြီးကအားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကပ်တဲလ်ကျေးရွာဘောလုံးကွင်း ဆောက်လုပ်ရန် အတွက် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၇၀ နှင့် အားကစားပစ္စည်းများပေးအပ်ပြီး ဘောလုံးကွင်း ဆောက်လုပ်ပြီးစီးမှုအား လူမှုရေးဝန်ကြီးက သွားရောက်ကြည့်ရှုသည်။

 

 

ကပ်တဲလ်ကျေးရွာသည် ကိုဗစ်-၁၉ ရောဂါကြောင့် မတ် ၂၇ ရက်မှ မေ ၁၄ ရက်အထိ Lock down ချထားသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ(၆၉၂)ခု၊ အိမ်ထောင်စု (၆၄၉)စု ရှိသော ကျေးရွာဖြစ်ပြီး ယခုထောက်ပံ့မှုသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်နယ်အစိုးရမှ ကပ်တဲလ်ကျေးရွာသို့ စတုတ္ထအကြိမ် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒိုင်းဒိမ့်(ပြန်/ဆက်)