မင်းဘူး ၂၅ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရေပေါ်လေးကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိရာ လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ရေပေါ်လေးကျေးရွာသည် အိမ်ခြေ ၃၃၂ အိမ်၊ လူဦးရေ ၁၃၈၅ ဦး နေထိုင်လျက်ရှိကြောင်း ယခု ဆောင်ရွက်သည့် ကွန်ကရစ်လမ်းလမ်းလုပ်ငန်းကို မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ပံ့ပိုးပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၅ ဒသမ ၃၅ သန်း စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၃၅ သန်းဖြင့် အရှည်ပေ ၉၀ဝ ၊ အကျယ်ပေ ၁၄ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မတ်လကုန်က စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေပေါ်လေးကျေးရွာအပါအဝင် ကျေးလက်နေ ပြည်သူ များ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း(၁၆)ရွာ စိစစ် ရွေးချယ်၍ ကျေးရွာတစ်ရွာ လျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်းထောက်ပံ့ငွေကျပ် ၁၀ သန်း နှင့် ပြည်သူလူထု ထည့်ဝင်ငွေဖြင့် စုပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း(၁၆)ခုအား စုစုပေါင်းငွေကျပ် ၁၈၆ ဒသမ ၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


