မန္တလေး ၂၂ မေ
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများကို ဧပြီလ ပထမပတ်မှ စတင်ပိတ်ထားရပြီး ပြန်လည်ဖွင့်လှစ်လိုပါက လိုက်နာ ဆောင်ရွက်ရန် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စစ်ဆေးရေးအဖွဲ့ စစ်ဆေးပြီးမှ ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)မှ သိရသည်။
"ဟိုတယ်ဖွင့်မယ်ဆိုရင် ၅၇ ချက်နဲ့ ညီညွတ်ဖို့ သတ်မှတ်ပေးသွားပါတယ်။ အဓိကက အိပ်ခန်းတွေထဲမှာ ပြင်ဆင်ရမယ့် အချက်တွေပါတယ်၊ ကားပါကင်ရပ်နား မယ်ဆိုရင်လည်း ကားဆေးဖြန်းမယ့်ကိစ္စတွေ၊ ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းတွေဆောင်ရွက်ရမယ့် ကိစ္စတွေပါတယ်၊ စားသောက်ခန်း ဖွင့်ခွင့်ရမယ်ဆိုရင် စားသောက်ခန်းမှာလည်း ကိုဗစ် ကာကွယ်ရေးအတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေပါမယ်၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် အသေး စိတ်ကို ၅၇ ချက်ထဲမှာ ရေးဆွဲထည့်ထားပါတယ်။
အထူးသဖြင့် ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ဝန်ထမ်းတွေကို ကိုဗစ်ကင်းစင်အောင် လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ နယ်ဝေးကဆိုရင် လိုအပ်ရင် Quarantine ထားသွားမယ်၊ မန္တလေးမှာ ကိုဗစ်စက် အသုံးပြုလို့ရတဲ့အခါ လုပ်ပေးနိုင်ရင်တော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဝန်ထမ်းတိုင်း ကိုဗစ် စစ်ပြီးမရှိကြောင်း ထောက်ခံပြီးရင် ကိုဗစ်ကင်းစင်တဲ့ ဟိုတယ်တွေ ဖွင့်ဖို့အတွက် ရည်ရွယ်ထားပါတယ်"ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင် က ပြောသည်။
ဖွင့်လှစ်လိုသည့်ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ စစ်ဆေးရန် လျှောက်ထားနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးမည့် စစ်ဆေးရေးအဖွဲ့က စည်းကမ်း ၅၇ ချက်ကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဝန်ထမ်းတွေကို Covid-19နဲ့ပတ်သက်ပြီး Trainingပေးထားပြီးပါပြီ၊ ဧည့်သည်လက်ခံတဲ့ အချိန်မှာ ဖြစ်နိုင်ရင် တစ်ယောက်တစ်ခန်းယူဖို့ စီစဉ်ဆောင်ရွက်မှာပါ၊ ဧည့်သည်ကားလာပြီဆိုရင် ကားကိုဆေးဖြန်းပေးတာ၊ ခရီးဆောင်အိတ်ကို ဆေးဖြန်းပေးတာ၊ လက်ဆေးပေးဖို့ စီစဉ်ဆောင်ရွက်ပေးတာ၊ ကိုယ်အပူချိန်တိုင်းပေးတာတွေ ပြင်ဆင်ထားပါတယ်၊ ခရီးသွားရာဇဝင်ကို မှတ်တမ်းပြုစုထားမယ်၊ ဧည့်သည်တွေကို ဝန်ထမ်းတွေက ဝန်ဆောင်မှုပေးတဲ့အခါ အတတ်နိုင်ဆုံး ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် စီစဉ်ထား တယ်၊ အားလုံး အလုပ်လုပ်ကြတဲ့အချိန်မှာ ကျန်းမာရေး အသိပညာတွေကို စည်းကမ်းတကျ လိုက်နာမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးပါ"ဟု Oway Grand Hotel မှ Finance Director ဒေါ်တင်တင်ဇော်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် အသင်းဝင်ထားသည့် ဟိုတယ်အလုံးရေ ၂၅၀ ခန့် ရှိပြီး ဟိုတယ် ပြန်လည်ဖွင့်လှစ်ရန် လျှောက်ထားသည့် ဟိုတယ် အလုံး ၅၀ ကျော်ရှိပြီး အချို့သော ဟိုတယ်များမှာ စစ်ဆေးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်


