မြဝတီ ၁၇ မေ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှ စပြီး လက်ခံခဲ့ရာ မေ ၁၆ ရက်တွင် မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၇၆ ဦး ပြန်လည်ဝင်ရောက်လာသည်။
ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ် ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်က ၆၀ ၊ မေ ၂ ရက်က ၅၄ ဦး၊ မေ ၃ ရက်နေ့က ၁ ဦး၊ မေ ၄ ရက်က ၄၄ ဦး၊ မေ ၅ ရက်က ၂၃ ဦး၊ မေ ၆ ရက် နှင့် ၇ ရက်တို့တွင် ဝင်ရောက်ခြင်း မရှိဘဲ မေ ၈ ရက်က ၁၀ဝ ၊ မေ ၉ ရက် တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက် တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊ မေ ၁၂ ရက် တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊ မေ ၁၅ ရက်တွင် ၁၂၀ ၊ မေ ၁၆ ရက်တွင် ၇၆ ဦး ပြန်လည် ဝင်ရောက်လာပြီး စုစုပေါင်း ၆၃၀ အထိ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည် ဝင်ရောက် သူများ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသော သူများဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက် လွှဲပြောင်းပို့ ဆောင်ပေးခြင်းဖြစ်သည်။
ယနေ့ လာရောက်လွှဲပြောင်းသူများအနေဖြင့် ကချင်ပြည်နယ်မှ ၆ ဦး၊ ကယားပြည် နယ်မှ ၁ ဦး၊ ကရင်ပြည် နယ်မှ ၅ ဦး၊ မွန်ပြည်နယ်မှ ၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၅ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၄ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၊ မန္တလေးတိုင်းဒေသကြီးမှ ၄ ဦး၊ နေပြည်တော်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၂ ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၂ ဦး စုစုပေါင်း ၇၆ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


