ဟိုပုံး ၁၃ မေ
တောင်ပေါ်ကျေးရွာမှ ဒေသခံပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ နောင်ဒေး ကျေးရွာအုပ်စု၊ ပါယဉ်ကျေးရွာ အုပ်စု၊ မောက်မွန်းအုပ်စုတို့တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေနှင့် ပြည်နယ် လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျောက်ချော လမ်းနှင့် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း(၆၅)ရာခိုင်နှုန်း ပြီးစီးမှုကို မေလ(၁၃)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်တည် ဆောက်ရေးလုပ်ငန်း လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် အရည်အသွေးစစ်ဆေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နောင်ဒေး-ဆော်တော ကျေးရွာချင်းဆက် ကျောချောလမ်း(၂)မိုင်၊ ကန်တရား-ပုံခမ်း-ပန်ယဉ်-မှဲ့တချောင် ကျေးရွာချင်းဆက်မြေသား လမ်း(၇)မိုင်အနက် (၃)မိုင် (၄)ဖာလုံ တို့ကို လည်းကောင်း၊ ဆော်တော-ပါမိုက် ကျေးရွာချင်းဆက် မြေသားလမ်း(၂)မိုင်တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်လွှတ်တော်ရံပုံငွေနှင့် ပြည်နယ် လွှတ်တော်ရံပုံငွေ (၁၃၄.၇၅၀)သန်းဖြင့် တင်ဒါအောင် ပအိုဝ်းတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာလုပ်ငန်းများကို ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကိုမေလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


