အနုတ်လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေကြောင့် အာရှဈေးကွက် တရှိန်ထိုးကျဆင်

ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တနင်္လာနေ့ ဈေးကွက်အဖွင့်မှာ အာရှဈေးကွက်ဟာ ကျဆင်းနေပါတယ်။ 

 

တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးပြဿနာ၊ ဟွာဝေးပြဿနာ၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေး အားမကောင်းတဲ့ သွင်ပြင်လက္ခဏာနဲ့ ဥရောပကနေ ဗြိတိန်ခွဲထွက်ရေး ကိစ္စတွေက အဓိကပြဿနာတွေအပြင် ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ OPEC ရဲ့ ရေနံစိမ်းထုတ်လုပ်မှု လျှော့ချမယ်ဆိုတဲ့ သတင်းတွေဟာ အာရှဈေးကွက်ကို ရိုက်ခတ်လာတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ 

 

ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူး မန်ဝန်ဂျိုးကို ကနေဒါနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးထားမှုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ထားပါတယ်။ အမေရိကန်ရဲ့ တရားခံလို့သံသယရှိသူကို ဖမ်းဆီးပြီး အမေရိကန်နိုင်ငံကို တင်ပို့ပေးရန် တောင်းဆိုထားချက်အပေါ် တရုတ်က ဒေါသတကြီးနဲ့ အဲဒီတောင်းဆိုချက်လည်း ရုပ်သိမ်းဖို့ ပြောပါတယ်။ 

 

တရုတ်နဲ့ အမေရိကန်ရဲ့ တင်းမာမှုတွေက ကုန်သွယ်ရေးပြဿနာထက် ပိုသွားတဲ့အခြေအမျိုး ရှိနေပါတယ်။ ဟွာဝေးအကြီးအကဲ ဖမ်းဆီးထားမှုနဲ့ ကုန်သွယ်ရေးပြဿနာတို့  ပူးပေါင်းမိသွားရင် ကုန်သွယ်ရေးစစ်ပွဲဟာ အဆုံးတိုင် ပေါက်ကွဲသွားမယ့် ပုံစံမျိုးထိ ရှိသွားနိုင်တယ်လို့ အာရှပစိဖိတ် ကုန်သွယ်ရေးအဖွဲ့ အကြီးအကဲ စတီဖန်အင်းစ်က ပြောပါတယ်။ 

 

ကုန်သွယ်ရေးနဲ့ပတ်သတ်ပြီး တရုတ်နဲ့ဆွေးနွေးမယ့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်တင်ဇာ ကတော့ သူ့တို့ဆွေးနွေးပွဲအပေါ် ဟွာဝေးကိစ္စကနေ အကျိုးသက်ရောက်မယ်လို့ မမျှော်လင့်ကြောင်း ပြောပါတယ်။ 

 

ပြီးခဲ့တဲ့ ရုံးပိတ်ရက်များအတွင်းက ရုရှားနဲ့ ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ OPEC တို့ဟာ တစ်နေ့ကို ရေနံစိမ်း ၁.၂ သန်းသာ ထုတ်လုပ်ရေး သဘောတူပြီးနောက်မှာ ရေနံဈေးက တက်သွားတာကို တွေ့ရပါတယ်။ 

 

ဒါ့အပြင် နောက်ထပ် အကြောင်းအရာတစ်ခုဖြစ်တဲ့ ဥရောပကနေ ဗြိတိန်ခွဲထွက်ရေးနဲ့ ပတ်သတ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဗြိတိန်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ရဲ့ ခွဲထွက်ရေး သဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တကယ်လို့ မဲခွဲဆုံးဖြတ်ရာတွင် ဝန်ကြီးချုပ်ရှုံးနိမ့်ခဲ့ရင် နိုင်ငံမှာမငြိမ်သက်မှုတွေ ပိုဖြစ်လာနိုင်သလို အထွေထွေရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ 

 

ဖော်ပြပါ အကြောင်းအရာတွေက အာရှဈေးကွက်ကို အကျိုးသက်ရောက်နေပါတယ်။  တိုကျိုဈေးကွက်မှာ ၂.၃ ရာခိုင်နှုန်းကျဆင်းသလို၊ ဆစ်ဒနီ ဈေးကွက်မှာ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ စင်ကာပူဈေးကွက်မှာ  ၁.၃ ရာခိုင်နှုန်း၊ ဆိုးလ်မှာ ၁.၁ရာခိုင်နှုန်း၊ ဟောင်ကောင်မှာ ၁.၇ ရာခိုင်နှုန်းနဲ့ ရှန်ဟိုင်းဈေးကွက်မှာ ဝ.၇ ရာခိုင်နှုန်း ကျဆင်းကြောင်း တွေ့ရပါတယ်။ အလားတူ မနီလာ၊ တိုင်ပေနဲ့ ဝယ်လင်းတန် ဈေးကွက်တွေမှာလည်း ဈေးကျဆင်းနေကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား- AFP