နတ်တလင်း ၂ မေ
ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မေ ၁ ရက် မွန်းလွဲ ၂ နာရီက သွားရောက်၍ covid-19 ကူးဆက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံကာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး Fever Clinic အခမဲ့ ဖျားနာကုဆေးခန်းအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်အေးအေးသန့်က ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးမှ ရာသီကူးပြောင်းသည့်ကာလ ဖြစ်သည့်အတွက် သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာနှင့် covid-19 လက္ခဏာတို့မှာ ဆင်တူနေသည့်အတွက် Fever Clinic အခမဲ့ ဖျားနာရောဂါကု ဆေးခန်းတွင် လိုအပ်ချက်ရှိသည်များကို အသုံးပြုနိုင်ရန် အလှူငွေ ကျပ် ၈၅၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေါက်တာဒေါ်အေးအေးသန့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်တို့က လက်ခံရယူခဲ့ကြသည်။
တင်မြင့် (နတ်တလင်း)


