ကလေး ၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပြည်ပမှပြန်လာသူများနှင့် ရောဂါဖြစ်ပွားသည့် တိုင်းနှင့်ပြည်နယ် နေရာဒေသ အသီးသီးမှ ပြန်လာသူများကို ကိုဗစ်-၁၉ ကပ်ရောဂါ ပါလာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်နိုင်ရန်နှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် Community Based Facility Quarantine Centre စခန်းပေါင်း ( ၄၄ ) ခု ထားရှိထားကြောင်း၊ ကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ မေ ( ၁ ) ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကလေးမြို့နယ်အတွင်းထားရှိသော Quarantine Centre များတွင် ပြည်ပမှပြန်လာသူ ( ၈၃ ) ဦးရှိပြီး ပြည်တွင်း အခြားတိုင်းဒေသနှင့် ပြည်နယ်များမှ ပြန်လာသူ ( ၃၃၁ ) ဦးရှိကြောင်း သိရပြီး အဆိုပါဖွင့်လှစ်ထားရှိသည့် Quarantine Centre များကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ကော်မတီမှ စခန်းတစ်ခုလျှင် ဆန်၊ ဆီ၊ ဆား၊ Mask၊ လက်သန့်ဆေးရည်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဥ၊ ပဲနှင့် ငွေသားများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
ရန်ကုန် - မန္တလေး - ကလေး လေယာဉ်ခရီးစဉ်များလည်း မေ ( ၁ ) ရက်မှစတင်၍ ပြေးဆွဲနေပြီဖြစ်ကာ လေယာဉ်ခရီးစဉ်တွင် လိုက်ပါစီးနင်းလာသူများကို စိစစ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် Quarantine ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
သျှင်နေမင်း ( ဂန့်ဂေါ )


