မိတ္ထီလာ ၁   မေ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိတ္ထီလာမြို့မဈေးကြီးအပါအဝင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာဈေးများအားလုံးတွင် ဈေးရောင်းချသူများအား စနစ်တကျ နေရာချထားလျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်ထံက သိရသည်။

 

 “မိတ္ထီလာမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီး အပါအဝင် ဗဟိုဈေးကြီး၊ ပိတောက်မြိုင်ဈေးနဲ့ ရပ်ကွက်ကျေးရွာဈေးများ အားလုံးမှာရှိတဲ့ ဈေးရောင်း သူတွေကို ဈေးမြေနေရာ အနေအထားအရ ၃ ပေခြား ၊ ၆ ပေခြား ရောင်းချဖို့ နေရာချထားပေးတာတွ ဆောင်ရွက်လျက်ရှိပါတယ်။ ရပ်ကွက်ဈေးတွေဖြစ်တဲ့ ရန်မျိုးအောင်ဈေး၊ ပြည်သာယာဈေး၊ ပေါက်ချောင်းဈေးတို့ကို စနစ်တကျ နေရာချထားပေးပြီးဖြစ်သလို အောင်ဆန်းဈေး၊ အောင်ဇေယျာ ပုလဲဈေး  ၊ သပြေဝဈေးနဲ့ ကျန်တဲ့ဈေးတွေကိုလည်း စနစ်တကျ ဆက်လက်နေရာချထား ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်နေရာတွေလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။ကျေးရွာဈေးနှစ်ခုဖြစ်တဲ့ မုန်တိုင်ကျေးရွာဈေးနဲ့ ရေဝေကျေးရွာဈေးများက ဈေးရောင်းသူတွေကိုလည်း စနစ်တကျ နေရာချထားပေးပြီး ဖြစ်ပါတယ် ”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင် က ပြောသည်။

 

အောင်ဇေယျာရပ်ကွက်ရှိ ပုလဲဈေးအား အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်း(အသစ်)၏  မြေနေရာလပ်သည့် နေရာတွင် ခေတ္တပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် မြေနေရာရှင်းလင်းခြင်းများ ဆောင်ရွက်နေပြီး အလားတူ အောင်ဆန်းဈေးမှ ဈေးရောင်းချသူများအား စနစ်တကျ နေရာချထား ပေးနိုင်ရန် ၎င်းဈေးအနီးရှိ မြေနေရာလပ်ကျန်ရှိသည့် နေရာအား ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)