လိုင်လင်းပီ ၁၄ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ ညနေပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့သည်။
လိုင်လင်းပီမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၆၁)စုနှင့် အမှတ် (၂)ရပ်ကွက်မှ အိမ်ထောင်စု (၁၀၄)စုတို့ကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီ စသည့် အခြေခံ စားသောက်ကုန်များကို မော်တော်ယာဉ်ဖြင့် စနစ်တကျ ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ဖြန့်ဝေရာတွင် လိုင်လင်းပီမြို့ပေါ်ရှိ ရပ်ကွက်(၂)ရပ်ကွက်မှ အိမ်ထောင်စု (၁၆၅)စုကို ဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်ပြီး လိုင်လင်းပီမြို့၏ အနီးတစ်ဝိုက်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ အိမ်ထောင်စုပေါင်း (၅၄၁)စုထံသို့ ဆက်လက်ဖြန့်ဝေနိုင်ရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)


