ရန်ကုန် ဧပြီ ၁၀
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ထားရှိမည့် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) တွင် အင်အား (၄၀) ပါဝင်သည့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ ပူပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန၊ ကြီးကြပ်မှုကော်မတီ (အဖွဲ့ဝင်) တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်း ထံမှ သိရသည်။
ဧပြီ ၉ ရက်နေ့က လှည်ကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၊ ရတနာသိင်္ဃ ခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) နှင့် စပ်လျဉ်းသည့် ရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး ခင်အောင်ထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက “တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွေအနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆေးဝန်ထမ်း တပ်ဖွဲ့အနေနဲ့ တစ်ချိန်မှာ ဆေးတပ်ဖွဲ့ဝင် အင်အား (၄၀) ပါဝင်ဆောင်ရွက်သွားဖို့ လျာထားပြီး ဖွဲ့စည်း ဆောင်ရွက်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ ကြီးကြပ်မှုကော်မတီ အနေနဲ့ ကနဦး Phase-1 ကို စတင် ဆောင်ရွက်တဲ့ အချိန်မှာ ပါရဂူ၊ ဆရာဝန် ၊ ကျွမ်းကျင် စသည်ဖြင့် စုစုပေါင်း ၂၀၀ ခန့် ခန့်မှန်းပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ကုသရေးဌာနတွင် ဆေးတပ်ဖွဲ့ဝင် အင်အား ၄၀ ဖြင့် ပါဝင်ဆောင်ရွက်ရာ၌ ဆေးရုံ၏ လိုအပ်ချက်အရ ကာလကြာမြင့်မှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် လိုအပ်လာပါက အင်အားများကို လဲလှယ် အသုံးပြုနိုင်ရန် အင်အား (၄၀) စီပါဝင်သည့် ဆေးအဖွဲ့ (၂) ဖွဲ့ ဖွဲ့ထားကြောင်း အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။
“ဖောင်ကြီးမှာ ဆေးရုံတစ်ရုံ စတင်တည်ထောင်ဖို့ သတင်းရရခြင်း တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆေးရုံစတင်ဖို့ လုပ်ဆောင်ကတည်းက ပူးပေါင်းပါဝင်ခဲ့ပါတယ်။ လူအင်အား ၄၀ ပါဝင်တဲ့ ဆေးအဖွဲ့ တစ်ဖွဲ့ကို ရက်သတ္တပတ် ၂ ပတ်စီ အလှည့်ကျ တာဝန်ယူ ထမ်းဆောင်သွားပါမယ်။ တာဝန်ဆောင်ပြီးစီးတဲ့ အဖွဲ့တွေက တပ်မတော်က စီစဉ်ထားတဲ့ Quarantine နေရာမှာ ၂ ပတ်ကြာ အနားယူရပါမယ်” ဟု ဗိုလ်မှူးကြီး ခင်အောင်ထွန်းက ပြောသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ထားရှိမည့် ကိုဗစ်-၁၉ ကုသရေးဌာနတွင် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့ဝင် (၄၀) ပါဝင်သည့် ဆေးအဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဆေးမှူး၊ သူနာပြုအရာရှိ၊ အထက်တန်းသူနာပြု၊ ဓာတ်ခွဲကျွမ်းကျင်နှင့် ဓာတ်မှန်ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ထားရှိမည့် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) တွင် ဧပြီ ၂၁ ရက်မှ စတင်၍ လူနာများ ထားရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သတင်း-ညွန့်ကိုကို၊ ဓာတ်ပုံ-ဇော်မင်းလတ်


