ယင်းမာပင်   ၁၀   ဧပြီ  

 

ယင်းမာပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ  စသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးအား ယနေ့ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စုများမှ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

 

ယင်းမာပင်မြို့နယ်အတွင်းတွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၂) အုပ်စုနှင့် ကျေးရွာပေါင်း (၁၆၅) ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဦးရေ စုစုပေါင်း ၇၆၃၈ စုရှိကာ ယနေ့ ညနေပိုင်းတွင် တာဝန်ရှိသူများက ယင်းမာပင်မြို့မ၊ ကန်ချောင်၊ ညောင်ကိုင်းနှင့် ရင်ပေါင်တိုင်ကျေးရွာ (၄)နေရာတို့တွင် စုရပ်များထားကာ အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ၊ ဆား ၅၀ သား၊ ကြက်သွန်နီ ၁ ပိဿာတို့ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးခဲ့သည်။ 

 

အဆိုပါ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် စာရင်းကောက်ယူထားသော အခြေခံလူတန်းစား အိမ်ထောင်စုဝင် များကို စနစ်တကျ အချိန်နှင့်တစ်ပြေညီ ထောက်ပံ့ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

 

သန်းဌေးအောင်(ကနီ)