ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်သွားမယ့် ရီတာအော်ရာ

၈  ဧပြီ

တေးသံရှင် ရီတာအော်ရာဟာ ဗြိတိန်ပေါ့ပ်ကြယ်ပွင့်တွေအနက် ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွား နေစဉ်ကာလအတွင်း လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်သွားဖို့ရာ လတ်တလောမှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ရီတာအော်ရာဟာ အစ်မဖြစ်သူ အယ်လီနာနဲ့အတူလူမှုရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သူဟာ သက်ကြီးရွယ်အိုတွေနဲ့ ထိခိုက်လွယ်သူတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တေးသံရှင်ဟာ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေ၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကာ အသွားအလာကန့်သတ်ထားတဲ့ ကာလအတွင်း အထီးကျန်သူတွေအတွက် စကားပြောဖော်အဖြစ်လည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပေါ့ပ်ကြယ်ပွင့်အနေနဲ့ ယခုလို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်သွားမှာ ဖြစ်ကြောင်းကို သူ့ရဲ့ မိခင်ဖြစ်သူက ဟယ်လိုမဂ္ဂဇင်းကို ပြောကြားခဲ့တာပါ။ မိခင်ရဲ့ပြောကြားချက်အရ ရီတာအော်ရာဟာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင် သွားဖို့ရာ အတော်လေး စိတ်အားထက်သန်နေကြောင်းလည်း သိရပါတယ်။

ရီတာအော်ရာနဲ့ အစ်မဖြစ်သူတို့ကဲ့သို့ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်သွားဖို့ရာ လျှောက်ထားခဲ့သူ ခုနှစ်သိန်းခွဲခန့်ရှိကြောင်းလည်း သိရပါတယ်။

အေးပြည့်