မင်းဘူး ၆ ဧပြီ

 

ပြန်/ဆက်ဦးစီးဌာန၊ မင်းဘူးခရိုင်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ အသိပညာပေးနှိုး ဆော်ချက်များကို နံရံကပ်စာစောင်၊ ပိုစတာများဖြင့်ပြသခြင်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပြန်/ဆက်ရုံးရှေ့တွင် နှိုးဆော်၊ ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့ အစည်းများ၊ NGO အဖွဲ့များဝိုင်းဝန်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ ကုသရေးဆိုင်ရာလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ပြန်/ဆက်ဦးစီးဌာန မျှော်မှန်းချက်များနှင့်အညီ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်၍ ပြည်သူများကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုများပေးလျက်ရှိရာ ယခုလက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လက်ကို မကြာခဏဆေးကြောရန်၊ ချောင်းဆိုး၊ နှာချေသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကိုလုံခြုံစွာဖုံးအုပ်ရန်၊ လူစုလူဝေးများမပြုလုပ်ကြရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် ဖျားနာသူများ၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ကျန်းမားရေးဝန်ထမ်းများထံ သတင်းထိန်ချန်ထားခြင်းမပြုဘဲ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် လူစည်ကားရာနေရာများ၊ မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အခြားအဖွဲ့အစည်းမျာနှင့် ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်(မင်းဘူး)