မြစ်ကြီးနား ၄ ဧပြီ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာချက်အရ ဓာတ်ခွဲအတည် ပြုလူနာများနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်များအပါအဝင် သံသယလူနာ (၅)ဦးကို စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါ သံသယလူနာများတွင် ဧပြီ ၃ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ်ရှိ အတည်ပြုလူနာနှင့် ဆက်စပ်မှုရှိသော မိသားစုဝင် (၄)ဦးတို့သည် မြစ်ကြီးနားမြို့သို့ အမှတ် (၃၃) လေအိတ်ရထားဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့်အတွက် သီးသန့်နေရာတွင် Facility Quarantine ထားရှိပြီးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ ဧပြီ ၃ ရက်နေ့မှာ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှူးက သူ့မိသားစုနဲ့အတူ ခွင့်ဖြင့် ပြန်လာတယ်ဆိုတာသိရတာနဲ့ ဘူတာရုံပိုင်ကြီး ချိတ်ဆက်ပြီးတော့ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့အတူ ပေါက်ခေါင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိတဲ့အတွက် ကျွန်တော်တို့ သူတို့ မိသားစုကို ဆေးရုံကိုပို့ပြီး သူအပါအဝင် (၄)ဦးလုံးကို Facility Quarantine လုပ်တဲ့ သားဖွားသင်တန်းကျောင်းမှာထားပြီး စောင့်ကြည့်ထားပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
အလားတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ Case-14 ကျောက်မဲမှ လူနာနှင့်အတူ ခရီးအတူသွားခဲ့သူသည် ဓာတ်ခွဲအတည်ပြုရာတွင် ရောဂါပိုးမတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ၎င်း၏နေအိမ်တွင် Home Quarantine အဖြစ် ပြန်လည် ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စတင်ဆောင်ရွက်ချိန်မှ စတင်ပြီး မြစ်ကြီးနားဆေးရုံကြီးတွင် သံသယလူနာ (၅)ဦးရှိပြီး ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် (၄)ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့်အတွက် နေအိမ်များတွင် သီးခြား စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် (၁)ဦးမှ မူလကတည်းက အဆုတ်တီဗီရောဂါရှိသဖြင့် ဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောပြသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့နယ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် Facility Quarantine ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုနိုင်ရန် မြို့ပေါ်ရှိ မြစ်ကြီးနားတက္ကသိုလ်၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းများ၊ ပညာရေးကောလိပ်၊ အံတော်ရှင်သီတဂူစက္ကုဒါနဆေးရုံတို့နှင့် အခြေခံပညာကျောင်းများအပါအဝင် နေရာ(၉)ခုကို ရွေးချယ်၍ စီမံဆောင်ရွက်ထားရှိပြီး မြစ်ကြီးနားမြို့နယ်တစ်ခုလုံးတွင် နေရာ (၁၂) နေရာတွင် စီမံဆောင်ရွက်ထားကြောင်းနှင့် လက်ရှိတွင် သူနာပြု/သွားဖွားကျောင်းတွင် Facility Quarantine ထားရှိသည့် စောင့်ကြည့်ခံရသူ (၇)ဦးသာရှိကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့နယ်အတွင်း ၂၅.၃.၂၀၂၀ ရက်နေ့မှ ၃.၄.၂၀၂၀ ရက်နေ့အထိ စာရင်းများအရ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ဆင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ (၄၅၁)ဦးထိရှိပြီး အများစုမှာ နေအိမ်အတွင်း သွားလာကန့်သတ်စောင့်ကြည့်ခံရသူများအဖြစ် ရှိနေပြီး ထိုသို့ စောင့်ကြည့်ခံရသူများထဲမှ (၈၁)ဦးမှာ စောင့်ကြည့်ကာလကျော်လွန်သည်အထိ ရောဂါလက္ခာ မတွေ့ရှိရသဖြင့် ၎င်းတို့ နေအိမ်များသို့ ပြန်လည်စေလွှတ်ထားပြီး ဖြစ်ကြောင်းနှင့် ဧပြီ ၃ ရက်နေ့ အထိ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာတစ်ဦးမျှမရှိသေးကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)