ခင်ဦး ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာစန်းယုကိုက COVID-19 ရောဂါ ကူးစက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန် ဆောင်ရန်များ၊ နိုင်ငံခြား၊ နယ်စပ်ဒေသတို့မှ ပြန်လာပါက ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြရန်နှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတို့ကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များကို လိုက်နာဆောင်ရွက်ပြီး သတိပြု နေထိုင်သွားကြရန် ပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ လက်ဆေးခြင်းကို လက်တွေ့ပြသခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက် လာသူများက ကျန်းမာရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ဒေါက်တာစန်းယုကိုက ပြန်လည်ဆွေးနွေး ပေးခဲ့သည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
စိုးဝေအောင်(ခင်ဦး)


