ရှေးမြန်မာ့လက်မှုပစ္စည်းများ (ပန်းတမော့၊ ပန်းပဲ၊ ပန်းတဉ်း၊ ပုရပိုက်)  

သိပ္ပံစာရေးဆရာကိုကိုအောင်

 

ပန်းတမော့လုပ်ငန်း
အုတ်၊ အင်္ဂတေနှင့်စပ်လျဉ်းသော ပန်းရန်လုပ်ငန်းကဲ့သို့ပင် ကျောက်ဆစ် ကျောက်ရွေခြင်းဆိုင်ရာ ပန်းတမော့လုပ်ငန်း သည်လည်း မြန်မာ့သမားရိုးကျ လက်မှုလုပ်ငန်းတစ်ခုပင်ဖြစ်ကာ ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ခြင်းစသည်တို့ နှင့်ဆိုင်သော လက်မှုလုပ်ငန်းဖြစ်သည်။ နယ်မြေဒေသအလိုက် အလွယ်တကူရနိုင်သော ကုန်ကြမ်းကို အသုံးပြုကာ ရခိုင်ပြည်နယ်တွင် မြောက်ဦးရှိ ထုက္ကံသိမ်၊ ရှစ်သောင်းဘုရားနှင့် စေတီပုထိုးအချို့ အပြင် ရေတွင်းရေကန်များကိုပါ အုတ် အစား ကျောက်တုံးများဖြင့် တည်ဆောက်ထားခဲ့ကြသည်။ ထို့အတူ မွန်တို့ဒေသ သုဝဏ္ဏဘူမိ မြို့ပြနိုင်ငံတွင်လည်း ဂဝံကျောက်ဖြင့် တည်ထားသော ရှေးဟောင်းလက်ရာ စေတီပုထိုးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည်။ အုတ်နှင့် စပ်လျဉ်းသော အုတ်ဖုတ်လုပ်ငန်း၊ ပန်းရန်လုပ်ငန်း၊ ကျောက်နှင့်စပ်လျဉ်းသော ပန်းတမော့လုပ်ငန်းများသည် မြန်မာမင်းများ လက်ထက်တစ်လျှောက်တွင် အလွန်ထင်ရှားပြီး အရေးပါသော လက်မှုလုပ်ငန်းများ ဖြစ်ခဲ့ကြသည်။ အုတ်လုပ်ငန်းကမူ ယနေ့ထိတိုင် ဆက်လက်ရှင်သန်လျက် ရှိနေသေးသည်။ ခေတ်မီစက်ရုံများမှ ထုတ်လုပ်သော စက်အုတ်များနှင့်အတူ နိုင်ငံ၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလျက်ရှိနေကြသည်။


သမားရိုးကျ လက်မှုလုပ်ငန်းတစ်ခုဖြစ်သော ပန်းပဲလုပ်ငန်းသည်လည်း ရှေးမြန်မာမင်းများလက်ထက်က မြို့တိုင်းတွင်၊ ရွာကြီးရွာငယ်တိုင်းတွင်ရှိသော လက်မှုလုပ်ငန်းဖြစ်သည်။ ပျူခေတ်ကပင် ထွန်းကားနေပြီဖြစ်သော လက်မှု လုပ်ငန်းဟု ဆိုနိုင်သည်။ သရေခေတ္တရာမြို့ဟောင်း မြို့ရိုးအပြင်ဘက် ပတ်လည်တွင် သံမယ်နကြီးများ စိုက်ထားခြင်းကို တွေ့ရှိရခြင်း၊ တူးဖော် ရာ၌ သံချွန်သံချိတ်နှင့် ဓားစသော လက်နက်များကို တွေ့ရှိရခြင်းတို့ကြောင့် ပန်းပဲလုပ်ငန်း တွင်ကျယ်စွာထွန်းကားခဲ့သည်ဟု ခန့်မှန်းနိုင်သည်။ ပုဂံခေတ် ကျောက်စာများတွင်လည်း ပန်းပဲဟူသောဝေါဟာရကို တွေ့ရှိရသည်။


ပန်းပဲလုပ်ငန်းနှင့် ဓားများ

ဓားသည် ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းတွင်ရှိသော အိမ်သုံးသံထည်ပစ္စည်း ဖြစ်သည်။ အိမ်တွင်း နေ့စဉ် သုံးဓားများနှင့်အတူ လုပ်ငန်းခွင်သုံးဓားများမှ စ၍ စစ်သုံး၊ ကာကွယ်ရေးသုံးဓားများအထိ ပန်းပဲများက ထုတ်လုပ် ပေးခဲ့ကြ သည်။ မြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် လက်ကောင်း လက်တက် ထင်ရှားကျော်ကြားသော ပန်းပဲဖိုကြီးများရှိခဲ့သည်။ ထုတ်လုပ်ရာ နယ်မြေဒေသအမည်နှင့်တွဲ၍ ထင်ပေါ်သော ဓားများ၊ လူမျိုးအလိုက် ထုတ်လုပ် စွဲကိုင်သောဓားများ၊ ပုံသဏ္ဌာန်အလိုက် အမည်ပေးထားသော ဓားများဟူ၍ အမျိုးအစားများစွာ ရှိခဲ့သည်။ ဓားမြှောင်၊ ဓားမ၊ ဓားမောက်၊ လင်းကင်းဓား၊ သမတ်၊ ဦးဖြတ်၊ ငှက်ကြီးတောင်၊ တောဆောင်ရှမ်းဓားမ စသည်တို့ဖြစ်သည်။ ရှမ်းဓားများက နာမည်ကြီးသကဲ့သို့ ကချင်တို့၏ လင်းကင်းဓားများကလည်း ခေတ်အဆက်ဆက်တွင် နာမည်ကြီး ခဲ့သည်။ ထိုကဲ့သို့ ထုတ်လုပ်ရာဒေသအလိုက် နာမည်ကြီးခဲ့သောဓားများသည် ရပ်သုံးရွာသုံးမျှသာမကဘဲ အခြားမြို့ ရွာဒေသများသို့ပါ တင်ပို့ရောင်းချရသဖြင့် လုပ်ငန်းပမာဏက မသေးလှကြောင်း သိသာသည်။


စစ်ကိုင်းမင်းလက်ထက် (၁၈၁၉-၁၈၃၇)တွင် အမရပူရသို့ ရောက်ရှိလာသော ဗြိတိသျှကိုယ်စားလှယ်က ရောဖွတ်က ပုဂံနှင့်အင်းဝတို့တွင် ပန်းပဲ လုပ်ငန်း အကြီးအကျယ်ရှိကြောင်း သူ၏မှတ်တမ်းတွင် ဖော်ပြခဲ့သည်။ အိမ်သုံး ဓားစသည့် တန်ဆာပလာများမှာ လက်ရာကြမ်းသည်။ ဓား၊ လှံ၊ ကတ်ကြေး၊ ကွမ်းညှပ်နှင့် လက်သမား ကိရိယာ စူး၊ ဆောက်၊ တံစဉ်းများနှင့် တူမီးသေနတ် တို့ကိုလည်း ထုတ်လုပ်သည်၊ ထိုစဉ်က မြန်မာလုပ် တူမီးသေနတ်တစ်လက်ကို ငွေသား ၁၁ ကျပ်၊ အင်္ဂလိပ်ငွေ ၂၅ သျှီလင်ခန့် ပေးရသည်၊ ရှမ်းပြည်မှလာသောဓားများမှာ ဆေးသားအကောင်းဆုံး ဓားများဖြစ်သည်ဟု ဆိုခဲ့သည်။


မြန်မာတို့သည် ဓား၊ လှံ၊ စူး၊ ဆောက်စသော သံထည်ပစ္စည်းများကို ထုတ်လုပ်သည့်အပြင် သံရည်ကျို လုပ်ငန်းကိုလည်း လုပ်ဆောင်နိုင်ကြသည်ဟု ဆိုရမည်ဖြစ်သည်။ ၁၆၅၀ ပြည့်နှစ်တွင်ရေးထိုးသော ရာဇာမဏိစူဠာကျောက်စာတွင် မိန်ညိုကြဲသေး သံချပ်တန်ဆာဟု တွေ့ရှိရသည်။ ကြဲသေးသည် အကြေးကွက်များကဲ့သို့ သံလွှာငယ် အထပ်ထပ်ဖြင့် ပြုလုပ်ထားသော စစ်သုံး သံကိုယ်ချပ်အင်္ကျီ ဖြစ်မည်ဟုဆိုသည်။ စစ်သူကြီး မဟာဗန္ဓုလ၏ သံချပ် င်္ကျီကို လန်ဒန်ပြတိုက်တွင် တွေ့မြင်နိုင်သည်။


ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင် (၁၅၅၁-၁၅၈၁)၏ တပ်မတော်တွင် အလွန်ကောင်းမွန်သော ဓား၊လှံ၊သေနတ်နှင့် အမြောက်ကြီးများရှိသည်ဟု ဗင်းနစ်ကုန်သည် ဆီဇာဖက်ဒရစ်က မှတ်တမ်းတင်ခဲ့သည်။ ထိုစဉ်ကပင် မြန်မာတို့အဖို့ သံရည်ကျိုနိုင် သွန်းနိုင်၍ အမြောက်သေနတ်များကိုပင် ထုတ် လုပ်နိုင်နေပြီလားဟု ခန့်မှန်းစရာ ဖြစ်နေသည်။


ပန်းပဲဖိုများသည် အိမ်သုံးဓားမှ စစ်သုံးဓားလှံအထိ လက်နက်အမျိုးမျိုးကို သာမက လုပ်ငန်းခွင်သုံး ပစ္စည်းများကို ထုတ်လုပ်ပေးခြင်းဖြင့် ကုန်ပစ္စည်း ထုတ်လုပ်ရေးကို အထောက်အကူပြုခဲ့သည်။ သစ်ခုတ်ဝါးခုတ်ရန် ဓားမကြီးငယ် များ၊ ပဲကွပ်၊ ပုဆိန်၊ တူးရွင်းလုံး၊ တူးရွင်းပြား စသည်တို့လည်း ပန်းပဲဖိုများက ထုတ်လုပ်ပေးသည်။

 

ပန်းပဲလက်မှုလုပ်ငန်းမှထွက်သော ဓား၊ လှံ၊ တူးရွင်း၊ ပဲကွပ်၊ ပုဆိန်၊ တံစဉ်းစသော လက်နက်ကိရိယာများနှင့်ပင် ရှေးမြန်မာမင်း များလက်ထက်က ပြည်သူတို့သည် တောင်ယာခုတ်ထွင် ရှင်းလင်းကာ စိုက်ပျိုး ရိတ်သိမ်းခဲ့ကြသည်။ သစ်ဝါးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။ ဓာတ်သတ္တုနှင့် ကျောက်သံပတ္တမြား တို့ကိုလည်းကောင်း၊ ရေနံကိုလည်းကောင်း တူးဖော်ခဲ့ကြသည်။ စားဝတ်နေရေးဆိုင်ရာ ပြဿနာများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်သော သမားရိုးကျ လက်မှုလုပ်ငန်းတစ်ခု ဖြစ်သည်။


ပန်းတဉ်းအတတ်ပညာနှင့် ကြေးသွန်းခေါင်းလောင်းများ

ပန်းတဉ်းအတတ်ပညာဟုခေါ်သော ကြေးသွန်းလုပ်ငန်းသည်လည်း မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခုပင် ဖြစ်သည်။ မြန်မာတို့သည် ကြေးသွန်း အတတ်ပညာကို ပျူခေတ်ကတည်းကပင် တတ်မြောက် လုပ်ဆောင်ခဲ့ကြ သော်လည်း ကြေးနီ၊ကြေးဝါသတ္တုတို့ဖြင့် ပြုလုပ်အပ်သော အိမ်သုံး ကြေးအိုး၊ ကြေးခွက်၊ ပန်းကန်အသုံးပြုမှု အလွန်နည်းခဲ့သည်။ ကြေးအိုး၊ ကြေးခွက်သုံးသောဓလေ့က မရှိသလောက်ပင်ဖြစ်သည်။ ကြေးလုပ်ငန်းနှင့် ကြေးပစ္စည်းများကို သာသနာရေးဆိုင်ရာ ကိစ္စများတွင်သာ အများဆုံးတွေ့ရှိရသည်။


ရှေးဟောင်းသုတေသနဌာန၏ တူးဖော်မှုမှ ပျူခေတ်ဆိုင်ရာ ပျူဂီတ တူရိယာနှင့် ကခြေသည်ကြေးရုပ်၊ သံနှင့် ကြေးနီကြေးဝါ လက်နက်ကိရိယာများကို တွေ့ရှိခဲ့သည်။ ပုဂံခေတ်တွင်မူ စေတီပုထိုးများကိုထီးတင်ရန် ကြေးထီး ထုတ်လုပ်ကြောင်း ကျောက်စာများတွင် တွေ့ရသည်။ ကြေးထည်ပစ္စည်းများအဖြစ် ကြေးဆင်းတုတော်များ၊ ကြေးကြာ ဖူးများ၊ အုတ်ခွက်ဘုရားပုံစံများ ကိုလည်း တွေ့ရှိရသည်။ ပုဂံခေတ်မှစ၍ မြန်မာမင်းများ အုပ်ချုပ်သော‌ခေတ် ကုန်ဆုံးသည့်တိုင်အောင် မင်းပရိသတ်နှင့်တကွ ပြည်သူတို့ တည်ထားကိုးကွယ် သော စေတီပုထိုးများတွင် တင်လှူရန် ထီးတော်များကို ပန်းတဉ်းဆရာ အကျော်အမော်များက ထုတ်လုပ်ပေးခဲ့သည်။ ပန်းတဉ်းလုပ်ငန်းသည် ယခု တိုင် မတိမ်ကောဘဲ ရှင်သန်နေသေးသည့် သမားရိုးကျ လက်မှုလုပ်ငန်းဖြစ်သည်။


ပန်းတဉ်းလက်မှုလုပ်ငန်းမှ ထုတ်လုပ်ပေးသော သာသနိကပစ္စည်းများထဲတွင် ကြေးစည်၊ ဆည်းလည်း၊ ခေါင်းလောင်း ကြီးငယ်များနှင့် ကြေးရုပ်ပွား ဆင်းတုတော်များ ပါဝင်သည်။ သရေခေတ္တရာမြို့ဟောင်း၏ နောက်ဆုံး တူး ဖော်ကွက်မှ ပျူခေတ်လက်ရာဟု ခန့်မှန်းရသော ကြေးခေါင်းလောင်းတစ်လုံးကို ရရှိခဲ့သည်။ တရုတ်မှတ်တမ်းတစ်ခုဖြစ်သော တန်ရာဇဝင်သစ်က ပျူဘုရင့်နန်းတော်၌ ရွှေခေါင်းလောင်းတစ်လုံး၊ ငွေခေါင်းလောင်းတစ်လုံးရှိသည်ဟုဆိုရာ ပျူခေတ်ကတည်းက ခေါင်းလောင်းကို သွန်းလုပ်တတ်ကြပြီဟု ဆိုရမည်ဖြစ်သည်။ ပျူခေတ်ခေါင်းလောင်းများက အရွယ်အစား သေးငယ်သော်လည်း ပုဂံ ခေတ်တွင်မူ ခေါင်းလောင်းအရွယ်အစားနှင့် အလေးချိန်က ကြီးမားလာသည်။ မင်းမတ်ညာဏဗိစည်းကျောက်စာတွင် လှူဒါန်းသော ခေါင်းလောင်းနှင့် ထီးအကြောင်းကို ခေါင်းလောင်း ကြေးပိဿာ ၁၀၆ ပိဿာခွဲ၊ ကူထွတ်ကား ကြေး ၅၅ ပိဿာခွဲသွန်း၏ဟု ဖော်ပြထားသည်။


ကျန်စစ်သားမင်းလက်ထက်က ကြေးစင်တစ်ထောင်စီဖြင့် ခေါင်းလောင်း ငါးလုံး သွန်းလုပ်၍ ရွှေစည်းခုံဘုရားတွင် သုံးလုံး၊ အာနန္ဒာဘုရားတွင်တစ်လုံး၊ မင်းအိုချမ်းသာဘုရားတွင် တစ်လုံး လှူဒါန်းခဲ့သည်။ အလောင်းစည်သူမင်း ကလည်း ကြေးစင်တုလာ တစ်သောင်း (ပိဿာချိန်ငါးသောင်း)စီရှိသော ခေါင်း လောင်းကြီးနှစ်လုံးကို သဗ္ဗညုဘုရား နှင့် ရွှေကူဘုရားတို့တွင် တင်လှူခဲ့သည်ဟု ရာဇဝင်ကျမ်းများက ဖော်ပြကြသည်။


မြန်မာနိုင်ငံအနှံ့ရှိ ဘုရားစေတီပုထိုးများနှင့် ကျောင်းများအနီး၌ ခေါင်း လောင်းကြီးငယ်များကို တွေ့မြင် နိုင်ကြသည်။ များသောအားဖြင့် ကုန်းဘောင် ခေတ်လက်ရာနှင့် နောက်ပိုင်းခေတ်လက်ရာများ ဖြစ်ကြသည်။ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂)သည် ကြေးပိဿာချိန် ၁၈၀၀၀၀ ရှိပြီး အဝရှစ်တောင်၊ စောက် တစ်ဆယ့်နှစ်တောင် ရှိသော ခေါင်းလောင်းကြီး နှင့်တကွ ကြေးပိဿာချိန် ငါးရာစီးသော ခေါင်းလောင်းငယ်ကို ရွှေတိဂုံဘုရားတွင် လှူဒါန်းခဲ့သည်။ ၁၆၁၂ ခုနှစ်တွင် သန်လျင်၌ကြီးစိုးနေသော ငဇင်ကာက သန်လျင်သို့သယ်ယူရာ ဒေါပုံမြစ်တွင်ကျ၍ ခေါင်းလောင်းကြီး နစ်မြုပ်သွား ခဲ့သည်။


ကုန်းဘောင်ခေတ်က ရာဇဝင်စာတင်ရသည့် အထင်ကရခေါင်းလောင်းကြီး သုံးလုံးရှိခဲ့သည်။ ခေါင်းလောင်းများ၏ အလေးချိန်နှင့် ထုထည်ပမာဏကို ထောက်ရှု၍ ကုန်းဘောင်ခေတ် ပန်းတဉ်းဆရာတို့၏ ကြေးသွန်းအတတ် ပညာစွမ်းရည်ကို ခန့်မှန်းနိုင်သည်။


ယခုတိုင် ရွှေတိဂုံကုန်းတော်ပေါ်တွင်ရှိသော စဉ့်ကူးမင်းခေါင်းလောင်း (မဟာဃဏ္ဍ) ကို ကြေးပိဿာ ၁၅၅၅၅ ဖြင့် သွန်းလုပ်ထားသည်။ အချင်း ငါးတောင်၊ အရပ် ခုနစ်တောင် နှစ်မိုက်၊ လုံးပတ် ၁၅ တောင်၊ ထု နှစ်မိုက် လက်ငါးသစ်ရှိပြီး၊ ၁၇၇၈ ခုနှစ်က တင်လှူခဲ့သော ခေါင်းလောင်းဖြစ်သည်။ မဟာဃဏ္ဍခေါင်းလောင်းကြီးကို ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးတွင် အင်္ဂလိပ်တို့က သယ်ယူသွားကြရာ ရန်ကုန်မြစ်အတွင်း ကျသွားခဲ့သည်။ အင်္ဂလိပ်တို့က နည်းအမျိုးမျိုးဖြင့် ဆယ်ယူသော်လည်းမရခဲ့ပေ။ နောက်ပိုင်းတွင် မြန်မာတို့ကို ဆယ်ယူခွင့်ပြုသဖြင့် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြည်သူတို့ ဝိုင်းဝန်းဆယ်ယူကာ ၁၈၂၆ ခုနှစ်တွင် ကုန်းတော်ပေါ်သို့ ပြန်လည် တင်ပို့ လှူဒါန်းခဲ့ကြသည်။


မင်းကွန်းပုထိုးတော်ကြီးရှိ မင်းကွန်းခေါင်းလောင်းကြီးကို ဗဒုံမင်းလက် ထက် ၁၈၁၁ ခုနှစ်က လှူဒါန်းခဲ့ရာ အလေးချိန် ကြေးပိဿာ ၅၅၅၅၅ ရှိပြီး သုံးနှစ်ကြာမျှ သွန်းလုပ်ခဲ့ရသည်။ မြန်မာ့အထောက်အထားများအရ ခေါင်း လောင်းကြီး၏ အဝအချင်းသည် ၃၁ တောင် ၄ သစ်၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ်၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် ရှိသည်။ တန်ချိန်အားဖြင့် ၉၀ ဒသမ ၅၂ တန်ရှိသည်။ အင်္ဂလိပ်တို့၏ မှတ်တမ်းမှတ်ရာများတွင် တွေ့ရသော အတိုင်းအတာနှင့် အလေးချိန်အရ တန်ချိန် ၈၀ ခန့်ရှိသည်ဟု ဆိုသည်။


တတိယမြောက် ခေါင်းလောင်းကြီးကမူ သာယာဝတီမင်း၏ မဟာတိ သဒ္ဒဃဏ္ဍ ခေါင်းလောင်းကြီးဖြစ်သည်။ အရပ် ၉ တောင် ၁ မိုက် ၃ သစ်၊ အနားလုံးပတ် ၁၅ တောင်၊ ခါးစည်းလုံးပတ် ၁၃ တောင် ၁ မိုက် ၄ သစ်၊ အဝ အချင်း ၅ တောင်၊ ထု ၂ မိုက် ၄ သစ် ရှိသည်။ ကြေးပိဿာချိန် ၂၅၉၄၀ နှင့် ၄၉ ကျပ်သား (တန် ၄၀ နီးပါးခန့်)ဖြင့် သွန်းလုပ်ပြီး ရွှေတိဂုံကုန်းတော်ပေါ်၌ ၁၈၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က တင်လှူခဲ့သော ခေါင်းလောင်းဖြစ်သည်။
မြန်မာ့ပန်းတဉ်း လက်မှုပညာသည်တို့က ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု ကြီးငယ်များကိုလည်း သွန်းလုပ်ခဲ့ကြသည်။ ခေါင်းလောင်းကြီးများနှင့် ကြေး ရုပ်ပွားဆင်းတုတော်ကြီးများကို မြေပုံကိုင်၍လုပ်သည်။ ကုန်းဘောင်ခေတ် လယ် စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ ခုနှစ်တွင် မဟာသကျသီဟ ရုပ်ပွားတော်ကို သွန်းလုပ်စဉ်က ပထမဦးစွာ မြေပုံ ဖယောင်းပုံများထုတ်သည်။ ထို့ နောက် ကြေးနီ၊ သံ၊ သလွှဲ၊ ကြေးစင်ပိဿာ ၁၆၀၀၀၊ ငွေအသပြာ ၁၀၀၀၀၊ ရွှေအသပြာ ၁၀၀၀ စုစုပေါင်း ပဉ္စလောဟာနှင့် ရွှေထည်ငွေထည်များကို ပန်းတဉ်းဝန်၊ ပန်းတဉ်းအစုအမှုထမ်းတို့က ကြီးကြပ်၍ ဖိုတစ်ထောင်ဖြင့် တစ်ပြိုင်နက်ကျိုကာ သွန်းလုပ်ခဲ့ကြသည်။ ရုပ်ပွားတော်ကြီးမှာ ဉာဏ်တော် ၉ တောင် ၂ မိုက်၊ ထက်ဝက် အချင်းပမာဏ ၇ တောင် ၁ မိုက် ၄ သစ်၊ စမ္မခဏ် နေရာတော် အချင်း ၈ တောင် ၁ မိုက် ၄ သစ်၊ အမြင့် ၂ မိုက် ၄ သစ်၊ မောင်း တော်လုံးပတ် ၃ တောင် ၂ မိုက် ၄ သစ် ရှိသည်။


မြန်မာ့ပန်းတဉ်းလက်မှုလုပ်ငန်းတွင် ကြေးကို ပိုင်နိုင်စွာ ကျိုနိုင် သွန်း နိုင်ကြသည်။ ကြေးနှင့်သံ၊ ရွှေ၊ငွေစသည့် အခြားသတ္တုများကိုပါ ရောစပ်သွန်း လုပ်နိုင်ကြသည်။ ထိုမျှ ထုထည်ကြီးမားလှသော ပစ္စည်းများကို ပြုလုပ်ရန် အတွက် အရည်ကျိုသည့်လုပ်ငန်းကို သမားရိုးကျ ဖိုများဖြင့်ပင် လုပ်ဆောင်ခဲ့ကြသည်။


ကြေသွန်းပန်းတဉ်းလုပ်ငန်းသည် မြန်မာ့သမားရိုးကျ လက်မှုလုပ်ငန်းကြီး တစ်ရပ်ဖြစ်သော်လည်း ထုတ်လုပ်သော ကုန်ပစ္စည်းများကမူ ကြေးစည်၊ ဆည်း လည်း၊ ခေါင်းလောင်း၊ ဆင်းတုတော်များစသော သာသနိကပစ္စည်း၊ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးပစ္စည်းများသာလျှင် ဖြစ်ကြသည်။ တိုက်ရိုက် လူသုံးကုန်ထုတ်လုပ်ခြင်း မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာတို့က မိမိ၏ စီးပွားဖက်ဖြစ်သော အိမ်မွေးတိရစ္ဆာန် ဆင်၊ကျွဲ၊နွား စသည်တို့ကို ခလောက်များနှင့် ချူကလေးများဆွဲပေးသော အလေ့အထရှိသည်။ ခလောက်ကို သစ်သားဖြင့်သာ အများဆုံးပြုလုပ် ကြသော်လည်း သတ္တု ခလောက်များလည်း ရှိခဲ့သည်။ ချူများကိုမူ ကြေးဝါဖြင့် ပြုလုပ်ကြပြီး လှည်းယဉ်ဆွဲသော နွားများကို ချူဆွဲပေးခြင်းဖြင့် တန်ဆာဆင်ကြသည်။ ထို့ကြောင့်ပင် ကြေးသွန်း ပန်းတဉ်းလက်မှုလုပ်ငန်းသည် အလှအပအဆင်တန်ဆာ ချူ ကလေးများမှသည် ခေါင်းလောင်းကြီးငယ်နှင့် ဆင်းတုတော်ကြီးငယ်များအထိ ထုတ်လုပ်သော လက်မှုလုပ်ငန်းဟု ဆိုနိုင်သည်။


မြန်မာ့ပုရပိုက်
မြန်မာတို့သည် စာပေရေးသားမှု တတ်မြောက်ပေါ်ထွန်းလာချိန်မှစ၍ ကျောက်ထက်အက္ခရာနှင့် ပေထက် အက္ခရာ တင်ခဲ့ကြသည်။ ပုရပိုက်များကို လည်း အသုံးပြုခဲ့ကြရာ ပုရပိုက်မှာ မြန်မာတို့၏ လက်လုပ်စက္ကူဖြစ်သည်။


ပုရပိုက်တွင် အဖြူနှင့်အနက်ဟူ၍ရှိရာ ပုရပိုက်အနက်တွင် ထုတ်လုပ်ပုံနှင့် အသုံးပြုသည့်ကုန်ကြမ်းကို လိုက်၍ လေးမျိုးရှိသည်။ ပထမအမျိုးအစားဖြစ်သော ရှမ်းပုရပိုက်မှာ ရှမ်းစက္ကူဖြင့်ပြုလုပ်ထားသော ပုရပိုက် ဖြစ်သည်။ အကြမ်းစား စက္ကူဖြစ်သော်လည်း တာရှည်ခံသည်။ ဒုတိယအမျိုးအစားမှာ သရက်ချဉ် ပုရပိုက်ဖြစ်ပြီး ပုရပိုက်ပြုလုပ်သော သစ်ပင်၏အမည်ကိုစွဲ၍ ခေါ်တွင်ခြင်းဖြစ်သည်။ သရက်ချဉ်ပင်မှ ပုရပိုက် သို့မဟုတ် စက္ကူ ထုတ်လုပ်ထားကြောင်း သိသာသည်။ တတိယအမျိုးအစားက ဝါးဖြင့်ပြုလုပ်သော ဝါးလျှာထိုးပုရပိုက်ဖြစ်ပြီး ဝါးရိုးရိုးဖြင့် ပြုလုပ်သည်ထက် ပို၍ခိုင်ခံ့ကာ ချောမွေ့သည်။ စတုတ္ထအမျိုးအစားမှာ ဝါးရိုးရိုးပုရပိုက် ဖြစ်သည်။ မျက်နှာပြင် ကြမ်းသဖြင့် လက်ခံစာကြမ်းများရေးရာ၌သာ အသုံးပြုခဲ့ကြသော်လည်း မြန်မာတို့က ဝါးဖြင့်လည်း စက္ကူပြုလုပ်တတ်ခဲ့ ကြောင်းကို သိရှိနိုင်သည်။


ပုရပိုက်ဖြူကို မိုင်းကိုင်စက္ကူဖြင့် ပြုလုပ်သည်။ ရှမ်းပြည် မိုင်းကိုင်နယ်ရှိ ကွန်နားရွာ၊ ကွန်ကျိုင်းရွာ၊ တောင်ပိုင်း ဝနယ်၏မြို့တော်ဖြစ်သော မိုင်းကာအိုနှင့် သီပေါနယ်တို့တွင် ထုတ်လုပ်ပြီး မိုင်းကိုင်စက္ကူဟု ခေါ်တွင်သည်။ ရှမ်း အမျိုးသမီးများ၏ သမားရိုးကျ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ရပ် ဖြစ်သည်။


မိုင်းကိုင်စက္ကူကို သာလဲပင်မှ ထုတ်လုပ်သည်။ ရှမ်းပြည်နယ်တစ်ခွင်နှင့် တောင်ပိုင်း ဝနယ်ဒေသများတွင် အလေ့ကျ ပေါက်သော အပင်ဖြစ်သည်။ မြန်မာမင်းများ လက်ထက်က အထူးသဖြင့် ကုန်းဘောင်ခေတ်က သာလဲပင်၏ အခေါက်မှ နိုင်ငံတော်သုံး စက္ကူများကို ထုတ်လုပ်ခဲ့သည်။


မိုင်းကိုင်စက္ကူကို စာရေးရန်သာမက လွယ်အိတ်များ၊ ခမောက်များအဖြစ်ပါ ပြုလုပ်သုံးစွဲခဲ့ကြသည်။ ဆီ၊ သစ်စေးတို့ သုတ်ကာ ထီးများအဖြစ်ပင် ပြုလုပ်သုံးစွဲခဲ့ကြသည်။ မိုင်းကိုင်စက္ကူလုပ်ငန်းသည် မိုင်းကိုင်နယ်၏ စီးပွားရေးလုပ် ငန်းတစ်ရပ်ဖြစ်ပြီး၊ ယနေ့ထိတိုင် ရှင်သန်နေသေးသော အိမ်တွင်းလက်မှုလုပ်ငန်း ဖြစ်သည်။ မိုင်းကိုင်စက္ကူသည် သီပေါမင်းလက်ထက်က ရှမ်းပြည်မြို့ရွာများမှ နေပြည်တော်သို့ ပို့ဆောင်ရောင်းဝယ်သော ကုန်ပစ္စည်းများထဲတွင် အဓိကပစ္စည်းတစ်ခုအဖြစ် ပါဝင်သည်။ စက္ကူချပ်ရေ တစ်ထောင်လျှင် သုံးကျပ် နှုန်းဖြင့် တစ်နှစ်လျှင် စက္ကူချပ်ရေ ကိုးသန်းကျော်ရောင်းချရသည်။ ကောက်စ် ၏မှတ်တမ်းအရ ပြည်မြို့တွင်လည်း စက္ကူလုပ်ငန်းရှိခဲ့သည်ဟု သိရှိရသည်။ မိုင်းကိုင်စက္ကူလုပ်ငန်းသည် အရေးပါသော မြန်မာ့အိမ်တွင်းလက်မှုလုပ်ငန်း တစ်နည်းဆိုရသော် ရှေးမြန်မာ့စက္ကူ လုပ်ငန်း ဖြစ်ပေသည်။