မိတ္ထီလာ  ၁၈   မတ်

 

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို မတ်လ ၁၈ ရက် နံနက် ၁၀ နာရီက အမှတ်(၁၉) အခြေခံ ပညာမူလတန်းကျောင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ (၈)တွင် မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့၍ အိမ်ထောင်စု (၁၇)စု အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့၍ ၎င်းမီးဘေးသင့်အိမ်ထောင်စုများအား အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်းတွင် ယာယီထားရှိသည်။

 

အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၆၀ဝ၀ ကျပ်နှုန်းနှင့် လူသုံးကုန်ပစ္စည်း(၁၇)မျိုးပါ ပုံတစ်ပုံကို ပေးအပ်ခဲ့သည်။

 

ထို့အပြင် ရွှေအုန်းပင်ထမင်းဆိုင်မှ အိမ်ထောင်စုတစ်စုလျှင် အလှူငွေ (၅၀ဝ၀ဝ)ကျပ်နှုန်း ပေးအပ် လှူဒါန်းခဲ့ပြီး အောင်ကောင်းပြည့်ဆီဆိုင်မှ အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ် ပေးအပ် လှူဒါန်းသည့်အပြင် ရေသန့်ဘူးများကို နေ့စဉ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

 

၎င်းအပြင် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များကလည်း အလှူငွေများနှင့်အတူ  ဆန်အိတ်၊ ဆီပုံ၊ အဝတ်အထည်များ လာရောက် ပေးအပ်လှူဒါန်းလျက်ရှိကြောင်း အောင်ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

mdn