မကွေး   ၅   မတ်

 

အညာဒေသ၏ နွေဦးရာသီကာလတွင် ရေအခက်အခဲဖြစ်နေပြီး နေထိုင်ရာကျေးရွာဒေသများရှိ သောက်သုံး ရေကန်များပြုပြင်ရန် လိုအပ်ပါက သက်ဆိုင်ရာမြို့နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနများတွင် အကူအညီတောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တိုင်းအဆင့် တာဝန်ရှိသူထံမှ သိရသည်။

 

 “ ကန်တွေလိုအပ်လို့ပြင်မယ်ဆိုရင် လှူပေးပါတယ်။ ၂၀၂၀ မှာ ပထမဆုံးအကြိမ်အဖြစ် ရေနံချောင်း ၊ အလယ်ရွာက ရေကန်ပြုပြင်ဖို့ လှူပေးခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ မြိုင်မြို့နယ်မှာ ခုလိုမျိုး လှူပေးခဲ့ဖူးတယ်။ လိုလို့ရှိရင် အချိန်မရွေး ကျွန်တော်တို့ဌာနကို ဆက်သွယ်ပြီး အကူအညီ တောင်းခံလို့ရပါတယ် ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။

 

130035

 

ရေနံချောင်းမြို့နယ် ၊ မကျည်းကန်ကျေးရွာအုပ်စု ၊ အလယ်ကုန်းကျေးရွာရှိ သောက်သုံးရေကန် ပြင်ဆင်တူးဖော် ကုန်ကျငွေ ၉၁ သိန်းကျော် ( ၉၁၈၀၂၇၀ ကျပ်)ကို မတ် ၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာရေကန် ပြင်ဆင်ရေး ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပြီး အခြားဒေသများက လိုအပ်၍ တောင်းဆိုမှုများရှိလာပါက အကြီးအကဲခွင့်ပြုချက်ဖြင့် အမြန်ဆုံးသွားရောက် လှူဒါန်းနိုင်ရန် စီစဉ်ထားသည်ဟု တိုင်းဦးစီးမှူးက ဆိုသည်။

 

ရေကန်ပြုပြင်ငွေ လှူဒါန်းမှုများအပြင် မကွေးမြို့နယ်၊ ကြာကန်အုပ်စုအတွင်းရှိ လမ်းပမ်းဆက်သွယ်ရေး မလွယ်ကူသော ၊ ရေအခက်အခဲရှိသော တဲတိုက်များသို့ ရက်သတ္တတစ်ပတ်လျင်သုံးကြိမ် ရေကားများဖြင့် သွားရောက်လှူဒါန်းမှုများ လုပ်ဆောင်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)