နေပြည်တော် ၄ မတ် 

မြေသြဇာကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်အဝေးသို့ မြေသြဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါအစည်းအဝေးတွင် နည်းပညာကော်မတီက နည်းပညာပိုင်းအရ စိစစ်ထောက်ခံ တင်ပြလာသည့်  မြေသြဇာမှတ်ပုံတင်ထုတ်ပေးနိုင်ရေး အဆိုပြုလွှာများကိုလည်းကောင်း၊ အများပြည်သူ သိရှိလိုက်နာရန်လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြေသြဇာသိုလှောင်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

မြေသြဇာကော်မတီ အနေဖြင့် မြေသြဇာမှတ်ပုံတင် ၇၂၀၉ စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး သက်တမ်းကျော်လွန်သဖြင့် ဌာနမှဖျက်သိမ်းခဲ့သည့် မြေသြဇာ မှတ်ပုံတင် ၁၁၅၈ စောင်၊ ကာယကံရှင်မှ တင်ပြလာသဖြင့် မှတ်ပုံတင် ပယ်ဖျက်ခဲ့မှု ၉၈၀ စောင်ရှိသဖြင့် (၂၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးချိန်အထိ  မြေသြဇာ မှတ်ပုံတင် ၅၀၇၁ စောင်ရှိခဲ့သည်။ ယနေ့ကျင်းပသည့် မြေသြဇာကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးတွင် နည်းပညာကော်မတီက နည်းပညာပိုင်းအရ စိစစ်ထောက်ခံတင်ပြလာသည့်  အဆိုပြုလွှာ (၃၀၅)စောင်ကို မြေသြဇာမှတ်ပုံတင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်